နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်တလျှောက် မြောက်ကိုရီးယားက မြေမြှုပ်မိုင်း ၁ သန်းနီးပါး ထပ်ထောင်ထားတယ်လို့ တောင်ကိုရီးယား ပြော
အောက်တိုဘာ ၂၄
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တောင်ကိုရီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ မြေမြှုပ်မိုင်းပေါင်း ၉ သိန်း ၆ သောင်းကျော် ထပ်မံထောင်ထားတယ်လို့ တောင်ကိုရီးယား လွှတ်တော်နဲ့ စစ်ဘက်သတင်းရင်းမြစ်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
နှစ်နိုင်ငံကြား ကြားခံနယ်မြေဖြစ်တဲ့ စစ်မဲ့ဇုန်တလျှောက် အရင်ကတည်းက မြှုပ်ထားတဲ့ မိုင်းပေါင်း ၂ သန်းနီးပါး ရှိနှင့်ပြီးဖြစ်ပေမဲ့ အခုလို မြောက်ကိုရီးယားက အလုံးအရင်း ထပ်မံဖြည့်တင်းလာတာလည်း ဖြစ်ပါတယ်။
ဒါဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က တောင်ကိုရီးယားကို “အဓိကရန်သူ” အဖြစ် သတ်မှတ်ပြီးနောက်ပိုင်း နယ်စပ်ခံတပ်တွေ ခိုင်မာအောင် တည်ဆောက်လာတဲ့ လက္ခဏာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က နယ်စပ်မှာ မိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။
တောင်ကိုရီးယားစစ်တပ်နဲ့ ကုလသမဂ္ဂတပ်ဖွဲ့တို့ ပူးတွဲကွင်းဆင်းစစ်ဆေးမှုအရ နယ်စပ်မျဉ်းရဲ့ တောင်ကိုရီးယားဘက်ခြမ်းမှာ မြောက်ကိုရီးယားဘက်က ထောင်ထားတဲ့ လူသတ်မိုင်းတလုံးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပြီးနောက် မြောက်ကိုရီးယားဘက်က တောင်းပန်ဖို့နဲ့ တာဝန်ယူမှုရှိဖို့ တောင်ကိုရီးယားဘက်က တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံကတော့ အဆိုပါစုံစမ်းစစ်ဆေးမှုဟာ မြောက်ကိုရီးယားအပေါ် ရန်စဖို့အတွက် လုပ်ကြံဖန်တီးထားတဲ့ ပြဇာတ်တခုသာဖြစ်တယ်လို့ ပယ်ချခဲ့ပြီး နယ်စပ်ခံတပ်တည်ဆောက်ရေး လုပ်ငန်းတွေကို အနှောင့်အယှက်ပေးလာရင် လက်တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
လတ်တလောမှာလည်း မြောက်ကိုရီးယားတပ်တွေဟာ နယ်နိမိတ်မျဉ်းတလျှောက် သံဆူးကြိုးတွေ ကာရံတာ၊ မြေမြှုပ်မိုင်းတွေ ထပ်ထောင်တာနဲ့ တင့်ကားဖျက်အတားအဆီးတွေ တည်ဆောက်တာတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားဘက်ကို စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်ဖို့ အသံချဲ့စက်တွေ ပြန်လည်တပ်ဆင်မယ့်အပြင် တန်ပြန်အရေးယူမယ့် နည်းလမ်းသစ်တွေကို အသင့်ပြင်ထားတယ်လို့လည်း ပြုံယမ်းဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref & Photo: The Independent
မြို့တော် News Channel