ညီအစ်ကိုတွေ ထမင်းစားနေရင်းက ကြောင်ကြောင့် စကားများရန်ဖြစ်ကြရာက ဓားခုတ်မှုဖြစ်ပြီး အစ်ကိုဖြစ်သူ သေဆုံး
အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ကမ်းနား အလယ်ကျေးရွာမှာ ညီအစ်ကို ၂ ဦး ထမင်းစားနေရင်းက ဓားခုတ်မှုဖြစ်ပြီး အစ်ကိုဖြစ်သူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့၊ ည ၇ နာရီခန့်က ကမ်းနား အလယ်ကျေးရွာ၊ စကားဝါ (၄) လမ်း၊ မ-၁၉၂ နေအိမ်မှာ ညီအစ်ကို ၂ ဦး ထမင်းစားနေရင်း အိမ်မှာမွေးထားတဲ့ ကြောင်က ထမင်းဝိုင်းပေါ် ခုန်တက်ရာက ဟင်းပန်းကန်တွေ မှောက်ကျခဲ့ပြီးနောက် ညီအစ်ကို ၂ ဦး စကားများ ရန်ဖြစ်ခဲ့တာလို့ သိရပါတယ်။
“ညီဖြစ်သူက ကြောင်ကို လှမ်းခေါ်တာကနေ ထမင်းဝိုင်းပေါ် ကြောင်က ခုန်တက်တာ၊ ဟင်းခွက်တွေ မှောက်ကုန်ရော။ အဲဒီမှာ အစ်ကိုဖြစ်သူက ညီကို ထထိုးတာ၊ ညီလုပ်တဲ့သူက ဘေးကဓား ယူပြီး ပြန်လုပ်တာမှာ အစ်ကိုဖြစ်သူ လည်ပင်းပြတ်သွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
အစ်ကိုဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုကျော်ရဲနိုင် ဆိုသူဟာ လည်ပင်းပြတ်ရှ/ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်ဘတ် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက် ဝမ်းဗိုက်ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ပြီး လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်နေစဉ် လမ်းမှာ ရရှိတဲ့ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
တရားခံဖြစ်တဲ့ ညီဖြစ်သူ အသက် ၂၄ နှစ် အရွယ် ကိုချစ်ချစ်ဝိုင်း ဆိုသူကိုတော့ သောင်ကြီးနယ်မြေရဲစခန်းက ဖမ်းဆီးထားပြီး အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မြို့တော် News Channel