ဘုရားဖူးလာတဲ့ကား ဘီးပေါက်ပြီး လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိလို့ ကလေးငယ်တွေ အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရ
အောက်တိုဘာ ၂၄
မော်လမြိုင်ကနေ ကျိုက္ခမီကို ဘုရားဖူးသွားတဲ့ ကားဘီးပေါက်ကာ ကလေးငယ်တွေ အပါအဝင် ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၄ ရက်နေ့၊ မနက် ၆ နာရီခန့်က မော်လမြိုင်မြို့၊ ကြားအင်းရပ်ကွက်၊ ကုတင်(၃၀၀) ဆေးရုံအနီး၊ မော်လမြိုင်-မုဒုံ လမ်းမကြီးပေါ်မှာ မော်လမြိုင်မြို့၊ ခရွမ်းရှမ်းရွာကနေ ကျိုက္ခမီဘုရားဖူးလာတဲ့ Hijet မော်တော်ယာဉ် ရှေ့ဘီးပေါက်ကာ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။
“လက်ကျိုး၊ ခေါင်းပေါက်တဲ့သူတွေနဲ့ ခါးအဆစ်လွဲတဲ့သူတွေလည်းရှိတယ်။ အသက်အန္တရာယ် မရှိနိုင်ဘူးလို့ ထင်တယ်။ ဘီးပေါက်ပြီး မှောက်တာ၊ ကားပေါ်ကလူတွေ လွင့်ကျသွားတယ်” လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ယာဉ် ၅ စီးနဲ့ အနီးအနားရှိ ကုတင်(၃၀၀)ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ အောက်တိုဘာလ ၂၄ ရက် ဒီကနေ့ မနက်ပိုင်း ၅ နာရီခွဲကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့မှာ ခရီးသည်တင်ယာဉ်တစီး ကလော-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၈၇/၆ နဲ့ ၈၇/၆ အကြား၊ သီခေါင်တောင်အဆင်းအကွေ့ အနီးအရောက်မှာ ဘရိတ်ပေါက်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့ သိရပါတယ်။
မြို့တော် News Channel