စက်ရုံကြို/ပို့မှန်လုံယာဉ် ဘရိတ်ပေါက်ရာက အရှိန်မထိန်းနိုင်ဘဲ ယာဉ် ၃ စီးဆင့်တိုက်မှုဖြစ်
အောက်တိုဘာ ၂၄
ပဲခူးမြို့၊ ဥဿာမြို့သစ်နယ်မြေ၊ ဥဿာမြို့သစ်(၉)ရပ်ကွက်ရှိ ပဲခူးကနေ ရန်ကုန်ဘက်ကိုထွက်တဲ့ လာဂမိုတိုးလ်ဂိတ်မှာ ယာဉ် ၃ စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့၊ မနက် ၆ နာရီဝန်းကျင်က ပဲခူးကနေ အင်းတကော်ဘက်ကို မောင်းလာတဲ့ စက်ရုံဝန်ထမ်းကြို/ပို့ မှန်လုံယာဉ်တစီး ဘရိတ်ပေါက်ပြီး တိုးဂိတ်ဖြတ်သန်းခပေးဖို့ ရပ်နေတဲ့ ယာဉ်တွေကို ဆက်တိုက် တိုက်မိခဲ့တာကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ဟင်္သာကုန်း-ပဲခူးတက္ကသိုလ် ခရီးသည်တင် SUZUKI CARRY PICKUP ကားရဲ့နောက်ကို ဘရိတ်ပေါက်ပြီး ဝင်တိုက်တာ။ အဲဒီအတိုက်ခံရတဲ့ကားက သူ့ရှေ့က KM စက်ရုံကြို/ပို့ မှန်လုံယာဉ်ကို ထပ်တိုက်တယ်။ အဲဒီမှာ PICKUP ကားထဲက ၃ ယောက် ဒဏ်ရာရတယ်၊ တခြားကားတွေကတော့ ပျက်စီးရုံပဲ” လို့ ခရီးသွားကားသမားတဦးက ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် PICKUP ယာဉ်မောင်း ကိုဟန်စိုး၊ ကားပေါ်ပါလာတဲ့ မအေးအေးမော်နဲ့ ဒေါ်ညိုညိုထွန်းတို့ ခြေထောက်နဲ့ လက်မောင်းတွေမှာ ဖူးရောင်၊ ကျိုးပဲ့၊ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး နယ်မြေခံပရဟိတအဖွဲ့တွေက ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
လတ်တလောမှာ ကားဘရိတ်ပေါက်ကာ ဝင်တိုက်ခဲ့တဲ့ စက်ရုံဝန်ထမ်းကြို/ပို့ မှန်လုံယာဉ်ရဲ့ ယာဉ်မောင်းဖြစ်သူ ကိုဇော်ထွန်း ကို ပဲခူးအမှတ်(၃)နယ်မြေရဲစခန်းက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel