နိုင်ငံတကာသတင်း
တရုတ်လေယာဉ်တင်သင်္ဘောကို အနှောင့်အယှက်ပေးခဲ့တယ်ဆိုတဲ့ ဘေကျင်းရဲ့ စွပ်စွဲချက်ကို ဂျပန် ငြင်းဆို
တရုတ်လေယာဉ်တင်သင်္ဘောကို အနှောင့်အယှက်ပေးခဲ့တယ်ဆိုတဲ့ ဘေကျင်းရဲ့ စွပ်စွဲချက်ကို ဂျပန် ငြင်းဆို
ဇွန် ၂၆
တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုကို အနှောင့်အယှက်ပေးခဲ့တယ်ဆိုတဲ့ ဘေကျင်းအစိုးရရဲ့ စွပ်စွဲချက်တွေကို ဂျပန်အစိုးရက ငြင်းဆိုလိုက်ပြီး အဲဒီပြောဆိုချက်တွေဟာ အမှန်တရားနဲ့ မကိုက်ညီဘူးလို့ တုံ့ပြန်လိုက်ပါတယ်။
ဒီအငြင်းပွားမှုဟာ တရုတ်ရေတပ်က လျောင်နင်း လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စုကို ပစိဖိတ်သမုဒ္ဒရာ ကမ်းလွန်ရေပြင်မှာ ရက် ၄၀ ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် ပေါ်ပေါက်လာတာဖြစ်ပါတယ်။
တရုတ်ဘက်ကတော့ အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း ဂျပန်စစ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေက အနီးကပ်လိုက်လံစောင့်ကြည့်တာ၊ ထောက်လှမ်းတာ၊ အနှောင့်အယှက်ပေးတာနဲ့ ရန်စတဲ့လုပ်ရပ်တွေကို ထပ်ခါတလဲလဲ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဒါပေမဲ့ ဂျပန်ပူးတွဲစစ်ဦးစီးအဖွဲ့ကတော့ အဲဒီစွပ်စွဲချက်တွေဟာ မဟုတ်မှန်ဘူးလို့ ပြောဆိုခဲ့ပြီး နိုင်ငံပတ်ဝန်းကျင် ရေပြင်နဲ့ လေပိုင်နက်အတွင်း စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
တစ်ဖက်မှာလည်း ထိုင်ဝမ်အရှေ့ဘက်ရေပြင်အနီး တရုတ်ရဲ့ လှည့်ကင်းဆောင်ရွက်မှုတွေအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဲဒီလှုပ်ရှားမှုတွေဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ရေကြောင်းစည်းမျဉ်းတွေ ထိန်းသိမ်းဖို့အတွက် တရားဝင်လုပ်ဆောင်တာဖြစ်ပြီး ဂျပန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ ရေကြောင်းနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်တွေအပေါ် ကြိုးကိုင်ခြယ်လှယ်မှုတွေနဲ့ တရုတ်နိုင်ငံရဲ့ ရေကြောင်းပိုင်ခွင့်ကို ချိုးဖောက်မှုတွေအပေါ် တုံ့ပြန်တာလို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်တို့ကတော့ တရုတ်ရဲ့ အဆိုပါလှုပ်ရှားမှုတွေဟာ ဒေသတွင်းတည်ငြိမ်ရေး၊ လွတ်လပ်တဲ့ ရေကြောင်းသွားလာခွင့်နဲ့ နိုင်ငံတကာကုန်သင်္ဘော လုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
ထိုင်ဝမ်ဘက်ကလည်း တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတွေဟာ ကုန်သင်္ဘောတွေကို သွားမယ့်လမ်းကြောင်း ကြိုတင်တင်ပြဖို့ တောင်းဆိုပြီး အနှောင့်အယှက်ပေးနေတယ်လို့ စွပ်စွဲထားပါတယ်။
Ref & Photo; Taipei Times
မြို့တော် News Channel
ဆက်စပ် သတင်းများ
နိုင်ငံတကာသတင်း