Advertisement (AdSense slot)
နိုင်ငံတကာသတင်း

အင်ဒိုနီးရှားမှာ TikTok နဲ့ YouTube ရဲ့ အသက် ၁၆ နှစ်အောက် ကလေးအကောင့် ၄.၇ သန်းခန့် ပိတ်သိမ်းခဲ့ရ

၂၀၂၆ ဇွန် ၂၆ Myo Taw
အင်ဒိုနီးရှားမှာ TikTok နဲ့ YouTube ရဲ့ အသက် ၁၆ နှစ်အောက် ကလေးအကောင့် ၄.၇ သန်းခန့် ပိတ်သိမ်းခဲ့ရ

အင်ဒိုနီးရှားမှာ TikTok နဲ့ YouTube ရဲ့ အသက် ၁၆ နှစ်အောက် ကလေးအကောင့် ၄.၇ သန်းခန့် ပိတ်သိမ်းခဲ့ရ

ဇွန် ၂၆

အင်ဒိုနီးရှားမှာ လူမှုကွန်ရက်အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်အသစ်တွေ စတင်အသက်ဝင်လာချိန်မှာ နာမည်ကြီး လူမှုကွန်ရက်တွေဖြစ်တဲ့ TikTok နဲ့ YouTube တို့ဟာ အသက် ၁၆ နှစ်အောက် ကလေးတွေ အသုံးပြုနေတဲ့ အကောင့်ပေါင်း ၄ ဒသမ ၇ သန်းခန့်ကို ပိတ်သိမ်းလိုက်ပြီလို့ အင်ဒိုနီးရှား ဆက်သွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

တရုတ်နည်းပညာကုမ္ပဏီ ByteDance ပိုင် TikTok က အကောင့် ၄ ဒသမ ၁ သန်းကို ပိတ်သိမ်းခဲ့ပြီး Alphabet လက်အောက်ခံ Google ရဲ့ ဗီဒီယိုပလက်ဖောင်း YouTube ကတော့ အကောင့် ၆ သိန်းကို ပိတ်သိမ်းခဲ့တယ်လို့ အင်ဒိုနီးရှား ဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် အခြားလူမှုကွန်ရက်ပလက်ဖောင်းတွေကလည်း အလားတူ ဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး TikTok နဲ့ YouTube ဘက်ကတော့ ချက်ချင်းတုံ့ပြန် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

အင်ဒိုနီးရှားဟာ မတ်လအတွင်းမှာ အန္တရာယ်ရှိနိုင်ခြေ မြင့်တယ်လို့ သတ်မှတ်ထားတဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေကို အသက် ၁၆ နှစ်အောက် ကလေးတွေရဲ့ အကောင့်တွေ ပိတ်သိမ်းရမယ်ဆိုတဲ့ စည်းမျဉ်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ X၊ Meta ပိုင် Instagram နဲ့ ဂိမ်းပလက်ဖောင်း Roblox တို့လည်း အဲဒီစည်းမျဉ်းအောက်မှာ အကျုံးဝင်နေပါတယ်။

“ကလေးတွေရဲ့ အသုံးပြုခွင့်ကို နောက်ကျစေချင်တာတင် မဟုတ်ဘဲ ပလက်ဖောင်းတွေရဲ့ လုပ်ဆောင်ပုံကိုလည်း ပြောင်းလဲလာစေချင်တာပါ” လို့ အင်ဒိုနီးရှားဆက်သွယ်ရေးဝန်ကြီးက ပြောဆိုထားပြီး လက်ရှိမှာ ကုမ္ပဏီတွေဘက်က ကိုယ်တိုင်အကဲဖြတ် တင်ပြလာတဲ့ အစီရင်ခံစာတွေကို စိစစ်နေတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားအစိုးရရဲ့ အခုလို ကန့်သတ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အွန်လိုင်းပေါ်ကနေ အနိုင်ကျင့်စော်ကားခံရတာတွေနဲ့ စွဲလမ်းမှု အန္တရာယ်တွေကို လျှော့ချဖို့ ဖြစ်သလို လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လူမှုကွန်ရက်တွေကို ပြီးခဲ့တဲ့နှစ်က တားမြစ်ပိတ်ပင်ခဲ့တဲ့ ဩစတြေးလျနိုင်ငံရဲ့ ခြေလှမ်းကို အင်ဒိုနီးရှားက လိုက်နာကျင့်သုံးလိုက်တာလည်း ဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ဩစတြေးလျရဲ့ အခုလို ခေတ်ရှေ့ပြေးတဲ့စမ်းသပ်မှုကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတွေက စောင့်ကြည့်နေကြပြီး အတုယူဖို့လည်း ပြင်ဆင်နေကြပါတယ်။

အလားတူ ဗြိတိန်နိုင်ငံကလည်း လူမှုကွန်ရက်တွေအပြင် ဂိမ်းကစားတာနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ (Live-streaming) ပလက်ဖောင်းတွေပါ အကျုံးဝင်မယ့် ပိုမိုကျယ်ပြန့်တဲ့ ကန့်သတ်ချက်တွေကို ဒီလထဲမှာပဲ ကြေညာထားပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ