ပါကစ္စတန်မှာ ကျောင်းခေါင်မိုးပြိုကျလို့ အနည်းဆုံး ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ
အောက်တိုဘာ ၁၆
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပီရှာဝါမြို့မှာ ပုဂ္ဂလိကကျောင်းတကျောင်းရဲ့ ခေါင်မိုး ပြိုကျပျက်စီးခဲ့တာကြောင့် ကလေး ၃၄ ယောက်နဲ့ ဆရာမတယောက် အပါအဝင် အနည်းဆုံး ၃၅ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အေပီသတင်းဌာနက ဖော်ပြပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က အယ်လ်-ခိုင်ရ် ပုဂ္ဂလိကကျောင်းမှာ ဒုတိယတန်းနဲ့ တတိယတန်း ကျောင်းသားတွေ စာသင်နေချိန် အပေါ်ထပ်က ခေါင်မိုးနှစ်ခု ရုတ်တရက် ပြိုကျလာခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ မတော်တဆမှုကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ ကလေးငယ်အများစုဟာ အသက် ၆ နှစ်ကနေ ၁၂ နှစ်ကြားအရွယ်တွေ ဖြစ်ကြပြီး ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရတဲ့ အခြေအနေရှိသူတွေ ပါဝင်နေတာကြောင့် ဆေးရုံဘက်က အရေးပေါ်အခြေအနေ ကြေညာကာ ထိခိုက်ဒဏ်ရာရသူတွေကို ကုသပေးနေရတယ်လို့ လေဒီရီးဒင်းဆေးရုံရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခင်းဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၀၀ နီးပါး ရောက်ရှိလာပြီး အပျက်အစီးတွေကြားကနေ လူ ၄၀ ကျော်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပီရှာဝါမြို့ ရဲတပ်ဖွဲ့အကြီးအကဲရဲ့ ပြောဆိုချက်အရ ကျောင်းအဆောက်အအုံဟာ ခိုင်ခံ့မှုမရှိတာကြောင့် ကျောင်းပိုင်ရှင်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ကျောင်းပိုင်ရှင်ကတော့ ဒီတစ်ပတ်အတွင်း မိုးရွာသွန်းမှုကြောင့် အမိုးတခု အားနည်းသွားခဲ့တာလို့ ပြောဆိုထားပါတယ်။ လက်ရှိမှာ အမိုးပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ပါကစ္စတန်သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီကလည်း အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ ကျောင်းအဆောက်အအုံတွေ သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံရေးစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးဖို့နဲ့ အခုဖြစ်စဉ်ကို ပြည့်ပြည့်စုံစုံ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ ဆောက်လုပ်နေဆဲ ကျူရှင်သင်တန်းကျောင်းတခုရဲ့ အမိုး ပြိုကျခဲ့တာကြောင့် ကျောင်းသား ၄ ဦး သေဆုံးခဲ့ပါသေးတယ်။
ပါကစ္စတန်နိုင်ငံမှာ ဆောက်လုပ်ရေးစံနှုန်းတွေကို ထိရောက်စွာ ကြပ်မတ်နိုင်မှု အားနည်းတာကြောင့် အဆောက်အအုံပြိုကျမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိသလို၊ ဆောက်လုပ်ရေးကုန်ကျစရိတ် လျှော့ချဖို့ အရည်အသွေးမမီတဲ့ ပစ္စည်းတွေ အသုံးပြုတာနဲ့ ဘေးကင်းလုံခြုံရေး စည်းမျဉ်းတွေကို လိုက်နာမှုမရှိတာတွေဟာလည်း အဆောက်အအုံပြိုကျမှုတွေရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ပါဝင်နေပါတယ်။
Ref: AP
Photo: Reuters
မြို့တော် News Channel