အရေးပေါ်
နိုင်ငံတကာသတင်း

နျူကလီးယားလက်နက် ဖျက်သိမ်းရေး ရုရှား၊ တရုတ်တို့နဲ့ ဆွေးနွေးနေတယ်လို့ ထရမ့် ပြော

၂၀၂၆ အောက်တိုဘာ ၁၆ Myo Taw
နျူကလီးယားလက်နက် ဖျက်သိမ်းရေး ရုရှား၊ တရုတ်တို့နဲ့ ဆွေးနွေးနေတယ်လို့ ထရမ့် ပြော

နျူကလီးယားလက်နက် ဖျက်သိမ်းရေး ရုရှား၊ တရုတ်တို့နဲ့ ဆွေးနွေးနေတယ်လို့ ထရမ့် ပြော

အောက်တိုဘာ ၁၆

နျူကလီးယားထိပ်ဖူး အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေအကြား နျူကလီးယားလက်နက်တွေ လျှော့ချဖျက်သိမ်းဖို့ ရုရှား၊ တရုတ်တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာ ၁၅ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျု (SIPRI) ရဲ့ အချက်အလက်တွေအရ ရုရှားနိုင်ငံဟာ သိုလှောင်ထားတဲ့ နျူကလီးယားထိပ်ဖူး အများဆုံးပိုင်ဆိုင်ထားပြီး အမေရိကန်နဲ့ တရုတ်တို့က ဒုတိယနဲ့ တတိယနေရာတွေမှာ အသီးသီး ရှိနေပါတယ်။

ဒါပေမဲ့ လက်ရှိအသင့်တပ်ဆင်ထားတဲ့ နျူကလီးယားထိပ်ဖူးအရေအတွက်မှာတော့ အမေရိကန်က ရုရှားထက် ပိုများနေတယ်လို့ ဆိုပါတယ်။

သမ္မတ ထရမ့်က Newsmax ရုပ်သံဌာနနဲ့ သီးသန့်အင်တာဗျူးတခုမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပြီး လာမယ့် ၅ နှစ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ နျူကလီးယားစွမ်းရည်ဟာ အမေရိကန်ကို အမီလိုက်လာနိုင်ခြေရှိတယ်လို့လည်း သုံးသပ်ထားပါတယ်။

“ဖြစ်နိုင်မယ်ဆိုရင်တော့ နျူကလီးယားလက်နက်တွေကို အပြီးတိုင် ဖျက်သိမ်းပစ်ချင်ပါတယ်။ အခုလို လက်နက်တွေ တပ်ဆင်ပြိုင်ဆိုင်နေကြတာ စိတ်ပျက်စရာ ကိစ္စတခုပါပဲ။ ဒါကြောင့်လည်း နျူကလီးယားလက်နက် လျှော့ချရေးနဲ့ ပတ်သက်ပြီး ရုရှားနဲ့ရော တရုတ်နဲ့ပါ အမှန်တကယ် ဆွေးနွေးမှုတွေ လုပ်နေတာပါ" လို့ ထရမ့်က ပြောဆိုထားပါတယ်။

ဒါ့အပြင် သမ္မတ ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့လည်း နျူကလီးယားဖျက်သိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးပြောဆိုထားတယ်လို့ Newsmax ရုပ်သံဌာနက ဖော်ပြထားပါတယ်။

အခုလို ထရမ့်ရဲ့ ပြောဆိုချက်ဟာ အမေရိကန်နဲ့ ရုရှားအကြား ချုပ်ဆိုထားတဲ့ မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ် (Strategic Arms Reduction Treaty - New START) ဒီနှစ်အစောပိုင်းမှာ သက်တမ်းကုန်ဆုံးသွားခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အဆိုပါ New START စာချုပ်ကို ၂၀၁၀ ပြည့်နှစ်မှာ စတင်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းကို တစ်ကြိမ်သာ သက်တမ်းတိုးခွင့် ပြဋ္ဌာန်းထားတာကြောင့် သမ္မတဟောင်း ဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့က ၅ နှစ် သက်တမ်းတိုးဖို့ သဘောတူခဲ့ကြတာပါ။

လက်ရှိမှာတော့ အဆိုပါ စာချုပ်ပါ ကန့်သတ်ချက်တွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံစလုံးက သဘောဆန္ဒအလျောက် သီးခြားဆုံးဖြတ်ချက်ချပြီး ဆက်လက်လိုက်နာ ကျင့်သုံးရမယ့် အခြေအနေ ဖြစ်ပါတယ်။

Ref & Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ပါကစ္စတန်မှာ ကျောင်းခေါင်မိုးပြိုကျလို့ အနည်းဆုံး ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ နိုင်ငံတကာသတင်း

ပါကစ္စတန်မှာ ကျောင်းခေါင်မိုးပြိုကျလို့ အနည်းဆုံး ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပီရှာဝါမြို့မှာ ပုဂ္ဂလိကကျောင်းတကျောင်းရဲ့ ခေါင်မိုး ပြိုကျပျက်စီးခဲ့တာကြောင့် ကလေး ၃၄ ယောက်နဲ့ ဆရာမတယောက် အပါအဝင် အနည်းဆုံး ၃၅ ဦး…

ဖတ်ရန်
ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ် နိုင်ငံတကာသတင်း

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

ကမ္ဘာကျော် ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့် ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ရှားပါးလက်ရာတခုကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့…

ဖတ်ရန်
နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ နိုင်ငံတကာသတင်း

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ်တပ်က ဘေးသင့်ဒေသတွေဆီကို သွားရောက်ကာ အရေးပေါ်…

ဖတ်ရန်