သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ
နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးခဲ့တဲ့ ဖခင်အရင်းဖြစ်သူ လိုက်လံဖမ်းဆီးစဉ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့က မိုင်းရှူးမြို့နယ်၊ ဟိုက်ပါကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာနေ အမျိုးသားတဦးဟာ ဇနီးဖြစ်သူနဲ့ စကားများရန်ဖြစ်ခဲ့ကြပြီးနောက် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အိပ်ယာထဲ အိပ်ပျော်နေတဲ့ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူ သတ်ပြီး နေအိမ်ကိုပါ မီးရှို့ကာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
“ဆေးကြောင်တာလား၊ အရက်ကြောင်တာလား၊ ဘာလားတော့ မသိဘူး။ သူ့မိန်းမနဲ့ စကားများပြီး နောက်ရက် ကလေးကို သတ်ပြီး စောင်တွေကို ဒီဇယ်လောင်း မီးရှို့သွားတာ၊ အိမ်ပါ မီးဆွဲတယ်။ ပတ်ဝန်းကျင်က ကောင်းတော့ တအိမ်လုံး မလောင်သွားဘူး။ အဲ့ကိစ္စကို လိုက်ဖမ်းတဲ့အဖွဲ့က ဖမ်းမိမိချင်း ပြန်ခုခံလို့ ရှင်းလိုက်တာလို့ ကြားတယ်” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
သမီးအရင်းကို သတ်ပြီး မီးရှို့ခဲ့သူဟာ အသက် ၃၅ နှစ်အရွယ် စိုင်းပီး ဆိုသူဖြစ်ပြီး ဇနီးဖြစ်သူ နန်းဖိတ် ဈေးသွားရောင်းနေချိန် နေအိမ်မှာရှိတဲ့ သမီးငယ်ကို ဓားအသုံးပြုပြီး သတ်ခဲ့တာလို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့ ဖခင်ဖြစ်သူ စိုင်းပီးကို နိုဝင်ဘာလ ၂၆ ရက်နေ့မနက်မှာ SSPP/SSA တပ်ဖွဲ့က လိုက်လံဖမ်းဆီးချိန် ပြန်လည်ခုခံခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ကြတာလို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မှာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုတွေ မြင့်တက်နေပြီး မိုင်းရှူးမြို့နယ်ဟာ မူးယစ်ဆေးဝါးသုံးစွဲမှု အများဆုံး မြို့တွေထဲကတမြို့ ဖြစ်နေတယ်လိုလည်း သိရပါတယ်။
မြို့တော် News Channel