စားသုံးရန်မသင့်တဲ့ အစားအစာ (၄) မျိုးနဲ့ ဈေးကွက်ကနေ ပြန်လည်ရုပ်သိမ်းရမယ့် ကုန်ပစ္စည်း (၂) မျိုးကို FDA ထုတ်ပြန်
နိုဝင်ဘာ ၂၅
ပြည်တွင်းဈေးကွက်ထဲ ရောင်းချနေတဲ့ စားသောက်ကုန်တချို့မှာ ခွင့်မပြု ဆိုးဆေးတွေ ပါဝင်နေတာနဲ့ အစားအသောက် ထပ်ဖြည့်ပစ္စည်းတွေ သတ်မှတ်ပမာဏထက် ကျော်လွန်နေတာကြောင့် စားသုံးရန်မသင့်ကြောင်းနဲ့ ဈေးကွက်ကနေ ပြန်လည်ရုပ်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ အာဏာသိမ်းအစိုးရ လက်အောက်ခံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အစားအသောက် ထပ်ဖြည့်ပစ္စည်းတွေ သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေတဲ့အတွက် ဈေးကွက်ထဲကနေ ပြန်လည်ရုပ်သိမ်းစေဖို့ ညွှန်ကြားထားတဲ့ ကုန်ပစ္စည်း (၂) မျိုးကတော့ ရွှေညာသူတံဆိပ် ပုန်းရည်ကြီး နဲ့ K&K တံဆိပ် ခွန်အားဖြည့်အချိုရည်တို့ ဖြစ်ပါတယ်။
ဒါ့အပြင် အစားအသောက်တွေမှာ သုံးစွဲခွင့်မပြုထားတဲ့ ဆိုးဆေးတွေ ပါဝင်နေတဲ့အတွက် စားသုံးရန်မသင့်တဲ့ အစားအစာ (၄) မျိုးအဖြစ် ရွှေသင်းသူ တံဆိပ် နနွင်းမှုန့်၊ ရွှေသင်းသူတံဆိပ် အရောင်တင်မှုန့်၊ 123 တံဆိပ် ဇီးဖြူသီးယို နဲ့ သိန်းတိုးတံဆိပ် ဂျင်းလက်ဖက် တို့ကိုလည်း အာဏာသိမ်းအစိုးရ လက်အောက်ခံ FDA က သတ်မှတ်ထုတ်ပြန်ထားပါတယ်။
အခုထုတ်ပြန်ထားတဲ့ စားသောက်ကုန်တွေကို ဈေးကွက်ထဲ ဆက်လက်ရောင်းချတာမျိုး မလုပ်ကြဖို့နဲ့ စားသုံးသူပြည်သူတွေအနေနဲ့လည်း ဝယ်ယူစားသုံးတာမျိုး မလုပ်ကြဖို့ အာဏာသိမ်းအစိုးရ လက်အောက်ခံ FDA က အသိပေးနှိုးဆော်ထားပါတယ်။
မြို့တော် News Channel