ပြည်မြို့မှာ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ ရဲကားနဲ့ လိုက်ပါလာတဲ့ ရဲဝန်ထမ်းရဲ့ ကလေး ၂ ဦး ရေနစ်သေဆုံး
နိုဝင်ဘာ ၉
ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖို့ ထွက်လာတဲ့ ရဲတပ်ဖွဲ့ကားနဲ့အတူ ရေကစားဖို့ လမ်းကြုံလိုက်ပါလာတဲ့ ရဲဝန်ထမ်းရဲ့ သမီးနှစ်ဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းက ဖြစ်ခဲ့တာဖြစ်ပြီး ပြည်မြို့ အမှတ် (၂) ရဲစခန်းက ရန်နောင်ထွေးနဲ့ အဖွဲ့ဟာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ကားနဲ့ထွက်လာချိန်မှာ စခန်းထဲက ဝန်ထမ်းတွေရဲ့ ကလေးတွေက ရေကစားချင်တယ်ဆိုပြီး လိုက်လာခဲ့ကြတာ ဖြစ်ပါတယ်။
ညနေ ၅ နာရီလောက်မှာ ပြည်မြို့ နဝင်းရပ်ကွက်၊ နဝင်းတံတားဘက်ကို ရောက်လာခဲ့ပြီး ရန်နောင်ထွေးနဲ့ အဖွဲ့က ပေါ်တာဆွဲဖို့အတွက် လူငယ်တွေကို ပုန်းအောင်းစောင့်ဆိုင်းနေချိန်မှာ ကလေးတွေက နဝင်းချောင်းထဲဆင်းပြီး ရေကစားရာကနေ အခုလို ရေနစ်သွားခဲ့တာလို့ ဆိုပါတယ်။
ရေနစ်သွားတဲ့ ကလေးနှစ်ဦးထဲက တစ်ဦးကတော့ အခင်းဖြစ်ပွားရာ နေရာမှာတင် သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးကတော့ ပြည်ဆေးရုံကြီး အရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ကလေးနှစ်ဦးဟာ အမှတ် (၂) ရဲစခန်းက ဝန်ထမ်းတွေရဲ့ သားသမီးတွေ ဖြစ်ကြပြီး အသက် ၁၃ နှစ်အရွယ် တစ်ဦးနဲ့ ၁၆ နှစ်အရွယ် တစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ ပြည်မြို့မြောက်ဘက်ကနေ ဧရာဝတီမြစ်ထဲကို စီးဝင်တဲ့ နဝင်းချောင်းနဲ့ ဧရာဝတီမြစ်တို့ ဆုံစည်းရာနေရာပဲ ဖြစ်ပါတယ်။
မြို့တော် News Channel