နေအိမ်အနီး မိုးကြိုးပစ်ရာက စက်ကွင်းထိပြီး သားအဖ ၂ ဦး ထိခိုက်ဒဏ်ရာရ
အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆင်ဖြူကျွန်း ကျေးရွာအုပ်စုမှာ မိုးကြိုးပစ်ရာက စက်ကွင်းမလွတ်ဘဲ နေအိမ်ထဲရှိ သားအဖ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ ည ၇ နာရီခွဲခန့်က ဆင်ဖြူကျွန်းကျေးရွာအုပ်စု၊ ရပ်ကွက်(၇)အပိုင်းက နေအိမ်တစ်လုံးအနီးကို မိုးကြိုးပစ်ခတ်ခံရပြီး မိုးကြိုးစက်ကွင်း မလွတ်တာကြောင့် ပုတီးစိပ်နေတဲ့ဖခင်နဲ့ ပန်းကန်ဆေးနေတဲ့ သမီးဖြစ်သူတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
"အဖေက ပုတီးစိပ်နေတာ၊ သမီးက မီးဖိုချောင်ထဲ ပန်းကန်ဆေးနေတာ၊ မိုးကြိုးပစ်တော့ ပြတင်းပေါက် မှန်တွေကွဲပြီး အဖေကို မှန်စတွေ မှန်ကုန်တယ်၊ သမီးက ဘေစင်က အုပ်ခုံကွဲပြီး အစမှန်သွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
ဒဏ်ရာရခဲ့တဲ့ သားအဖ ၂ ဦးဟာ သထုံဆေးရုံမှာ ဆေးဝါးကုသမှုခံယူပြီး နေအိမ်ကိုပြန်လည်ရောက်ရှိပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းကလည်း မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းအတွင်း ဘောလုံးပြိုင်ပွဲကျင်းပနေချိန် မိုးကြိုးစက်ကွင်းမိပြီး Lion City (Mawlamyine)အသင်းက ရှေ့တန်းကစားသမားတဦး ကွင်းအတွင်း လဲကျသေဆုံးခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ခဲ့ပါသေးတယ်။
မြို့တော် News Channel