သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေစဉ် သံတုတ်နဲ့ ရိုက်ကာ ဝင်ရောက်ကူညီရာက ယောကျာ်းကော သူခိုးပါ ၁၀ ချက်စီ ချုပ်လိုက်ရ
ဇူလိုင် ၈
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်ထဲဝင်ခိုးတဲ့ သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေတာကို ဇနီးဖြစ်သူက သံတုတ်နဲ့ ဝင်ရိုက်ရာက သူခိုးကော ယောကျာ်းဖြစ်သူပါ နှစ်ယောက်စလုံး ၁၀ ချက်စီ ချုပ်လိုက်ရတယ်လို့ သိရပါတယ်။
ဇူလိုင် ၇ ရက် မနေ့က မနက်အစာပိုင်း ၃ နာရီခန့်က မြစ်ကြီးနားမြို့မှာ နေအိမ်ထဲဝင်ခိုးတဲ့ သူခိုးကို အိမ်ရှင်အမျိုးသားက အသံကြားလို့ ထွက်ကြည့်ရာက အပြန်အလှန် လုံးထွေး တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
လုံးထွေး တိုက်ခိုက်နေတဲ့ အသံကို ကြားတာကြောင့် အိမ်ရှင်ရဲ့ အမျိုးသမီးဖြစ်သူက သံတုတ်ကိုင်ကာ ဝင်လာပြီး သူခိုးနဲ့ အမျိုးသားဖြစ်သူတို့ လုံးထွေးနေတာကို သုံတုတ်နဲ့ ရိုက်နှက်ခဲ့ရာက နှစ်ဦးစလုံး ဦးခေါင်းကွဲဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါတယ်။
“သူခိုးဝင်တာသိလို့ သူယောကျာ်းနဲ့ သူခိုးနဲ့ လုံးကြတာ၊ အဲ့မှာ မိန်းမဖြစ်သူက သံတုတ်နဲ့ ရိုက်တာ၊ သူခိုးကို ရိုက်ရင်းနဲ့ သူ့ယောကျာ်းပါ ရိုက်မိတာ၊ တယောက်ကို ၁၀ ချက်လောက် ချုပ်လိုက်ရတယ်၊ ရပ်ကွက်က ရဲစခန်းသွားအကြောင်းကြားတော့ ရဲစခန်းမှာ ရဲတွေမရှိဘူး ပြောတယ်၊ ပရဟိတအဖွဲ့တွေနဲ့ ဆေးကုသပေးပြီး မနက်ထိ ဖမ်းထားရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
သံတုတ်နဲ့ ရိုက်နှက်ခံရတာကြောင့် သူခိုးဖြစ်သူဟာ ဦးခေါင်း ၁၀ ချက် ချုပ်လိုက်ရပြီး၊ အိမ်ရှင်အမျိုးသားဖြစ်သူလည်း ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားပြီးနောက် မြစ်ကြီးနားရဲစခန်းကို သွားရောက်တိုင်ကြားပေမယ့် ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်တွေ မရှိတာကြောင့် ဒဏ်ရာရရှိသူတွေကို ပရဟိတအဖွဲ့တွေခေါ်ကာ ဆေးကုသပေးခဲ့ရပြီး သူခိုးကိုတော့ ရပ်ကွက်ရုံးမှာ ကြိုးနဲ့ ချည်နှောင်ထားခဲ့ရတယ်လို့ သိရပါတယ်။
မြို့တော် News Channel