ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ထိုင်းဗဟိုဘဏ် သတိပေး
နိုဝင်ဘာ ၉
မကြာသေးခင်က နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ အိုင်တီစနစ်ချို့ယွင်းမှုတွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအပေါ် ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင့် ထိုင်းဗဟိုဘဏ် (Bank of Thailand - BOT) က ပြည်တွင်းက ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ဆိုက်ဘာလုံခြုံရေး အစီအမံတွေ တင်းကျပ်ထားဖို့နဲ့ ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ညွှန်ကြားလိုက်ပါတယ်။
ဒီအခြေအနေကို ဗဟိုဘဏ်အနေနဲ့ အနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်းဗဟိုဘဏ်ရဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းများ တည်ငြိမ်ရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဆူဝန်နီ ဂျတ်စဒါဆတ် (Suwannee Jatsadasak) က ပြောပါတယ်။ လောလောဆယ်အချိန်အထိတော့ ထိုင်းနိုင်ငံက ဘဏ္ဍာရေးဝန်ဆောင်မှုတွေအပေါ် ထိခိုက်မှုတစုံတရာ မတွေ့ရသေးဘူးလို့လည်း သူက ဆိုပါတယ်။
ဆိုက်ဘာခြိမ်းခြောက်မှုတွေအတွက် နိုင်ငံရဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဗဟိုဘဏ်ဟာ ဘဏ္ဍာရေးအဖွဲ့အစည်းအားလုံးက သတင်းအချက်အလက်နည်းပညာဆိုင်ရာ အရာရှိချုပ်တွေ (CIOs)၊ ထိုင်းဘဏ်လုပ်ငန်းကဏ္ဍ ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (TB-CERT) နဲ့ ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်း (TBA) က ကိုယ်စားလှယ်တွေနဲ့ အစည်းအဝေးတရပ် ခေါ်ယူခဲ့ပါတယ်။
အစည်းအဝေးမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်ရေးနဲ့ တုံ့ပြန်ရေးအစီအမံတွေ အားကောင်းလာစေဖို့၊ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို စောင့်ကြည့်ဖို့၊ သက်ဆိုင်ရာသတင်းအချက်အလက်တွေ အပြန်အလှန်မျှဝေဖို့နဲ့ လက်ရှိအန္တရာယ်အဆင့်နဲ့ ကိုက်ညီတဲ့ ကြိုတင်ပြင်ဆင်မှုတွေ ရှိ၊ မရှိ အကဲဖြတ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအနေနဲ့ ဆိုက်ဘာလုံခြုံရေး အခြေအနေတွေကို ဆက်လက်ပြီး အနီးကပ်စောင့်ကြည့်သွားမှာဖြစ်သလို သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ အိုင်တီနဲ့ ဆိုက်ဘာလုံခြုံရေး စနစ်တွေ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးကို အထူးအလေးထား ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်သူတွေ ဘဏ္ဍာရေးဝန်ဆောင်မှုတွေ သုံးစွဲရာမှာ လုံခြုံစိတ်ချရမှုရှိစေရေးကို ဦးစားပေးပြီး စီးပွားရေးလုပ်ငန်းတွေ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေး အစီအမံ (Business Continuity Plans - BCPs) အရ အရေးကြီးတဲ့ ငွေပေးချေမှုစနစ်တွေအတွက် အရေးပေါ်တုံ့ပြန်မှု လေ့ကျင့်ခန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Ref & Photo: Khaosod
မြို့တော် News Channel