ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်"အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန် ဒေလီမြို့မှာ လုံခြုံရေး အပြည့်ချပြီး ပိတ်ဆို့ထား
အောက်တိုဘာ ၁၀
အိန္ဒိယနိုင်ငံမှာ နိုင်ငံသား သန်း ၁၃၀ ကျော်ရဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံးစေခဲ့တဲ့ မဲစာရင်းကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်" လူငယ်လှုပ်ရှားမှုအဖွဲ့က ဆန္ဒပြဖို့ စီစဉ်လာတာကြောင့် အာဏာပိုင်တွေက မြို့တော် ဒေလီမှာ အဝင်အထွက် ပိတ်ဆို့ပြီး လုံခြုံရေး အထူးတင်းကျပ်ထားတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းအထိ ဆန္ဒပြသူ ၁,၀၀၀ နီးပါးကို ဖမ်းဆီးထားသလို မက်ထရို ရထားဘူတာ ၅၇ ရုံရဲ့ အဝင်အထွက်ဂိတ်တွေ ပိတ်ထားကာ အဝေးပြေးရထားပြေးဆွဲမှုတချို့ကိုပါ ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြို့လယ်ခေါင်က စာသင်ကျောင်းတချို့ကိုလည်း ပိတ်ထားပြီး အွန်လိုင်းသင်ကြားရေးစနစ် ပြောင်းလဲခဲ့သလို ဟိုတယ်တွေနဲ့ ဈေးဆိုင်တွေကိုလည်း ဖွင့်လှစ်ခွင့် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါဆန္ဒပြပွဲကို ခွင့်မပြုထားဘူးလို့ ရဲတပ်ဖွဲ့က သတိပေးထားပြီး ဂျမူးနဲ့ ကက်ရှ်မီးယား လို အကဲဆတ်တဲ့ ဒေသတွေအပါအဝင် နိုင်ငံတဝန်းကနေ ဗဟိုအရံရဲတပ်ဖွဲ့ (CRPF) အင်အား ၇,၀၀၀ ကျော်ကို မြို့တော်ထဲ အရေးပေါ် ရွှေ့ပြောင်းတပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အိန္ဒိယတရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဆူရယာ ကန့်တ်ကတော့ သာမန်ပြည်သူတွေ သွားလာရေး မခက်ခဲစေဖို့ မက်ထရိုရထားပြေးဆွဲမှုတွေကို လုံးဝမပိတ်ပင်ဘဲ စနစ်တကျ ပြေးဆွဲပေးဖို့ အစိုးရကို ညွှန်ကြားထားပါတယ်။
"ပိုးဟပ်" လှုပ်ရှားမှုကို စတင်တည်ထောင်သူ အဘီဂျစ် ဒစ်ပ်ကေ ကတော့ ဘာပဲဖြစ်ဖြစ် ဒေလီမြို့တော်က ဂျန်တာ မန်တာ ရင်ပြင်အထိ ချီတက်ဆန္ဒပြမှာ ဖြစ်သလို၊ အစိုးရရဲ့ အခုလို ပိတ်ဆို့မှုတွေဟာ ကိုယ့်ပြည်သူကို ပြန်ကြောက်နေတဲ့ ခေါင်းဆောင်ရဲ့ သရုပ်သကန်ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
အတိုက်အခံတွေဘက်ကလည်း အာဏာရ ဘီဂျေပီ (BJP) ပါတီ အသာစီးရအောင် မဲစာရင်းတွေ ပြင်ဆင်နေတာလို့ စွပ်စွဲထားပေမဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ မူကြမ်းစစ်ဆေးဆဲသာ ဖြစ်ပြီး အမည်စာရင်း ပြန်တင်သွင်းနိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။
Ref & Photo: The Independent
မြို့တော် News Channel