တိဗက်ဒေသမှာ ပြင်းအား ၇ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ပြီး ၁၆ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရ
အောက်တိုဘာ ၂၃
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်းက ရစ်ချ်တာစကေး ၇ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်တခု လှုပ်ခတ်သွားခဲ့တာကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေထဲက ၁၁ ဦးဟာ ဒဏ်ရာပြင်းထန်ပြီး ကျန် ၂၁ ဦးကတော့ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ နာ့ချူးမြို့ အရေးပေါ်စီမံခန့်ခွဲရေးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။
အဆိုပါငလျင်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း တရုတ်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အင်အားအပြင်းဆုံး ငလျင်လည်း ဖြစ်တယ်လို့ သိရပါတယ်။
ငလျင်ဗဟိုချက်ဟာ လူနေကျဲပါးတဲ့ တိဗက်မြောက်ပိုင်း နာ့ချူးမြို့နယ်ထဲက ပင်လယ်ရေမျက်နှာပြင်အထက် ၁၆,၀၀၀ ပေနီးပါး မြင့်မားတဲ့ တောင်ကုန်းဒေသမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မြေအောက်အနက် ၆ မိုင်ခန့်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ တရုတ်နိုင်ငံ ငလျင်တိုင်းတာရေးဗဟိုဌာန (CENC) က ထုတ်ပြန်ထားပါတယ်။
ငလျင်ဗဟိုချက်ဟာ တိဗက်မြို့တော် လာဆာ (Lhasa) နဲ့ မိုင် ၂၅၀ ခန့် အကွာမှာ တည်ရှိပေမဲ့ အနီးဝန်းကျင်ဒေသတွေအထိ ပြင်းထန်တဲ့တုန်ခါမှုကို သိသိသာသာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ငလျင်လှုပ်ခတ်ချိန်မှာ ဒေသခံတွေ အိမ်ထဲကနေ အပြင်ဘက်ကို အရေးပေါ်ပြေးထွက်လာကြသလို လမ်းမပေါ်ရပ်ထားတဲ့ ကားတွေထဲမှာ ခိုလှုံနေကြတာကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပြီး၊ ငလျင်ဒဏ်ကြောင့် အိမ်တွေ သိမ့်သိမ့်ခါ ယိမ်းထိုးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့တွေကို ဘေးသင့်ရာဒေသဆီ စေလွှတ်ထားပြီး ပြင်းအား ၃ နဲ့ ၄ အဆင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ဆက်လက်လှုပ်ခတ်ခဲ့တယ်လို့ တရုတ်ငလျင်တိုင်းတာရေးဗဟိုဌာန (CENC) က သတိပေးထုတ်ပြန်ထားပါတယ်။
အလားတူ ၂၀၁၀ ပြည့်နှစ်ကလည်း အိမ်နီးချင်း ချင်းဟိုင်ပြည်နယ်မှာ ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် လူ ၂,၆၉၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၀၀ နီးပါး ပျောက်ဆုံးခဲ့ဖူးတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
Ref & Photo: Reuters
မြို့တော် News Channel