သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော
အောက်တိုဘာ ၁၀
သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မကျေမနပ် ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ဒါဟာ အလွန်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို နော်ဝေနိုင်ငံ အတွက်လည်း ဘယ်တော့မှ ချေဖျက်လို့မရနိုင်တဲ့ သမိုင်းအမည်းစက်တခု ဖြစ်သွားစေခဲ့တယ်လို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဂါဇာဒေသမှာ အစ္စရေးနိုင်ငံဘက်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကောက်ချက်ချထားတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို ဦးဆောင်ကြီးကြပ်ခဲ့သူ၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တရားသူကြီးဟောင်း မစ္စစ် နာဗီ ပီလေးကို ဒီနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ထရမ့်က နော်ဝေနိုင်ငံအပေါ် အခုလို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်လိုက်တာပါ။
နယူးယောက်ပြည်နယ်၊ ဆိုင်ရာကျူးစ်မြို့မှာ ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးရေးပွဲတခုအတွင်း ထရမ့်က ဆုရရှိသူ နာဗီ ပီလေးကို "ဘယ်သူမှန်း မသိတဲ့လူတစ်ယောက်" လို့ သုံးနှုန်းခဲ့ပြီး "သူ့အကြောင်း ကျွန်တော်လည်း တစ်ခါမှ မကြားဖူးသလို၊ ဘယ်သူကမှလည်း သိကြတာ မဟုတ်ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။
သမ္မတ ထရမ့်ဟာ သမ္မတတာဝန် ထမ်းဆောင်ခဲ့တဲ့ နှစ်တိုင်းမှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု မရရှိခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း အစဥ်တစိုက် ထုတ်ဖော်ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။
ဆက်လက်ပြီး ထရမ့်က "ဒါဟာ နော်ဝေနိုင်ငံနဲ့ ဒီလို အရှက်ရဖွယ် ဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့တဲ့ သူတွေအပေါ် ဘယ်တော့မှ ဖျောက်ဖျက်လို့ မရနိုင်တော့မယ့် အမည်းစက်ကြီးတစ်ခုပါပဲ" လို့ မှတ်ချက်ပြုထားပါတယ်။
ဒါ့အပြင် ထရမ့်က သူဟာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ မြောက်ကိုရီးယား၊ တရုတ်နဲ့ ထိုင်ဝမ်တို့ကြား စစ်ပွဲတွေ မဖြစ်ပွားအောင် တားဆီးပေးနိုင်ခဲ့သလို ပဋိပက္ခ အများအပြားကို ပြေလည်အောင် ဖြေရှင်းရာမှာ ပါဝင်ခဲ့တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပေမယ့် ခိုင်လုံတဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာတော့ ပြသခဲ့ခြင်း မရှိပါဘူး။
"ဒီမိုကရေစီကို ဆန့်ကျင်ပြီး ယဥ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ ရန်သူအစစ်တွေဖြစ်တဲ့ အစွန်းရောက် အယူဝါဒီ လူတစ်စုကြောင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရဲ့ ဂုဏ်သိက္ခာဟာ ထာဝရ ကျဆင်းသွားခဲ့ပါပြီ။ နော်ဝေ... ခင်ဗျားတို့ကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး" လို့လည်း ထရမ့်က အဆုံးသတ် သတိပေးပြောဆိုသွားခဲ့ပါတယ်။
Ref & Photo: Reuters
မြို့တော် News Channel