ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း ချန်ပီကြောင့် လုပ်ငန်းအများစု ရပ်နားထားရပြီး လေကြောင်းခရီးစဉ် ၉၀၀ ကျော် ဖျက်သိမ်းခဲ့ရ
အောက်တိုဘာ ၂၃
တိုင်ဖွန်းမုန်တိုင်း ချန်ပီ (Champi) ဝင်ရောက်လာနိုင်တာကြောင့် ထိုင်ဝမ်ကျွန်းတဝန်းမှာ လုပ်ငန်းအများစု ရပ်နားထားရပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ လေကြောင်းခရီးစဉ် စုစုပေါင်း ၉၃၁ ခု ဖျက်သိမ်းလိုက်ရပါတယ်။
လက်ရှိအချိန်ထိ မုန်တိုင်းကြောင့် လူ ၁ ဦး သေဆုံးပြီး ၉၄ ဦး ဒဏ်ရာရရှိခဲ့သလို လူ ၁,၃၀၀ နီးပါးကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။
ပစိဖိတ်သမုဒ္ဒရာအတွင်း ဒီနှစ် အင်အားအပြင်းဆုံး မုန်တိုင်းတွေထဲက တခုဖြစ်ခဲ့တဲ့ ချန်ပီဟာ အားပျော့လာပြီဖြစ်ပေမဲ့ လေတိုက်နှုန်း ၁ နာရီကို ၁၉၁ ကီလိုမီတာအထိ ရှိနေဆဲဖြစ်ပြီး ထိုင်ဝမ်ကို တိုက်ရိုက်ဝင်ရောက်နိုင်ခြေ ရှိနေသေးတယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။
မုန်တိုင်းရဲ့ လေပြင်းတိုက်ခတ်နိုင်တဲ့ အကျယ်အဝန်းဟာ ကီလိုမီတာ ၃၂၀ ခန့်ရှိတာကြောင့် ထိုင်ဝမ်တကျွန်းလုံးနီးပါး သက်ရောက်မှုရှိနိုင်ပြီး ၂ ရက်နီးပါး ကြာမြင့်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
ကမ်းရိုးတန်းမြို့တွေမှာ ၁ နာရီကို ၁၅၀ ကီလိုမီတာကျော်အထိလေပြင်းတွေ တိုက်ခတ်နိုင်သလို မြို့တော် တိုင်ပေ အပါအဝင် မြောက်ပိုင်းဒေသတွေမှာ မိုးရေချိန် ၁ မီတာနီးပါးအထိ ရွာသွန်းနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ချက်ချင်း ခိုလှုံရာရှာကြဖို့ ဖုန်းကတဆင့် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့မှာ ထိုင်ဝမ်ရဲ့ ဘဏ္ဍာရေးဈေးကွက်တွေကို ပိတ်ထားခဲ့ပြီး ပြည်တွင်းလေကြောင်းခရီးစဉ် ၂၆၂ ခုလုံးနဲ့ နိုင်ငံတကာခရီးစဉ် ၆၆၉ ခုကို ဖျက်သိမ်းခဲ့ရပေမဲ့ တောင်နဲ့ မြောက် ပြေးဆွဲတဲ့ အမြန်ရထားလိုင်းကတော့ ပုံမှန်အတိုင်း ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။
မုန်တိုင်းဟာ ထိုင်ဝမ်အရှေ့မြောက်ပိုင်းအနီးကနေ ဖြတ်သန်းပြီး တရုတ်ကမ်းရိုးတန်းဘက်ကို ဦးတည်ကာ ဂျပန်နိုင်ငံတောင်ပိုင်းကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။
Ref & Photo: Reuters
မြို့တော် News Channel