ရွာငံမှာ အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၁၉ ဦး အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထား
နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ ဒေသခံပြည်သူ ၁၉ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၉ ရက် ညပိုင်းက ရွာငံမြို့နယ်၊ အလယ်ချောင်ရွာက သားအမိ ၃ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် နိုဝင်ဘာ ၂၀ ရက်နေ့ညမှာ ကိုင်းစုရွာနဲ့ ပြေသာရွာက ဒေသခံ ၁၆ ဦးကို ထပ်မံဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။
ရွာငံမြို့နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဒေသခံတွေကို ညစဥ်လိုက်လံ ဖမ်းဆီးနေတာကြောင့် စိုးရိမ်ထိတ်လန့် နေကြရတယ်လို့လည်း ဆိုပါတယ်။
“သြဂုတ်လတုန်းကဆိုရင် ရွာတွေက အဖမ်းခံရတာ ၄၀ ကျော်တယ်၊ ကလေးတွေကော လူကြီးကော အကုန်ဖမ်းတာ။ ဟိုရက်က အဖမ်းခံရတဲ့အထဲ ၄ နှစ် ကလေးတွေပါ ပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
လတ်တလော ဖမ်းဆီးခံရတဲ့သူတွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးဘဲ ရွာငံမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel