ပေါင် ၅၀၀ ဗုံးသီး Mytel တာဝါတိုင်းပေါ် တည့်တည့်ကျလို့ ဖုန်းလိုင်းတွေ ပြတ်တောက်
စက်တင်ဘာ ၁၉
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ ဗုံးသီး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သရက်ခရိုင်ထဲက မြို့နယ် ၄ မြို့နယ်လုံး ဖုန်းလိုင်းတွေ ပြတ်တောက်ပြီး WiFi လိုင်းတွေပါ လိုင်းကျကုန်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက မင်းတုန်းမြို့နယ်၊ မဲဇလီရွာအနီး ကံပိုင်ရွာအုပ်စု၊ ကြပ်ကြီးရွာကို အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး တလုံးက လယ်ကွင်းထဲကျကာ ကျန်တလုံးက Mytel တာဝါတိုင်ပေါ် ကျခဲ့တယ်လို့ သိရပါတယ်။
"ပေါင် ၅၀၀ ဗုံးတလုံးက တာဝါတိုင်ပေါ်ကျပြီး တာဝါတိုင် ဆီကန်ထဲက ဆီတွေလည်း ဘေးကို ဖိတ်ကုန်တယ်၊ ကြပ်ကြီးနဲ့ မဲဇလီ တံတားနားက လယ်ကွင်းထဲကို ဗုံးသီးတလုံး ကျတယ်၊ လူထိခိုက်တာတော့ မရှိခဲ့ဘူး" လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။
တာဝါတိုင် ဗုံးကြဲချတိုက်ခိုက်ခံရတာကြာင့် သရက်ခရိုင်ထဲက သရက်၊ ကံမ၊ မင်းတုန်းမြို့နယ်တွေမှာ WiFi နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့ပြီး ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ထိ ဖုန်းလိုင်တွေ ရတချက် မရတချက် ဖြစ်နေဆဲလို့ ဆိုပါတယ်။
"၁၇ ရက်နေ့ ညပိုင်းကတည်းက Mytel ဖုန်းလိုင်းတွေ အကုန်ပြတ်သွားတယ်၊ Wifi ဆို ပေါ်ပြီး သုံးမရ ဖြစ်တာ၊ ရရင်လည်း ခဏပဲ" လို့ သရက်မြို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ခန့်ကလည်း အာဏာသိမ်းစစ်တပ်က ဖုန်းလိုင်းပင် သေချာမမိတဲ့ မင်းတုန်းနယ်ထဲက ဇွန်ကျကျေးရွာကို သရက် ကပစ က တက်လာတဲ့ ပါရာမော်တာ ၂ စင်း က ဗုံးကြဲချတိုက်ခိုက်သွားလို့ ကလေးငယ်တွေ အပါအဝင် ၆ ဦး သေဆုံးခဲ့ကာ ၈ ဦး ဒဏ်ရာပြင်းထန်ရခဲ့ပါသေးတယ်။
ပုံဟောင်း
မြို့တော် News Channel