မုန့်ဖိုးရရှိတဲ့ကိစ္စကို မပြောပြတဲ့အတွက် ဝန်ထမ်းအမျိုးသမီးကို ရိုက်သတ်ခဲ့တဲ့ ဘားပိုင်ရှင် ထောင်တွင်း ရုတ်တရက် သေဆုံး
နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ Peter Bar မှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးဝန်ထမ်းကို ရိုက်နှက်သတ်ဖြတ်ခဲ့မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတဲ့ ဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ တောင်လေးလုံးအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေစဉ် ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက် ညပိုင်းက တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ Peter Bar မှာ ဆိုင်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ဝေ ဟာ မုန့်ဖိုးရရှိတဲ့ကိစ္စကို မပြောပြတဲ့အတွက် ဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ က ရိုက်နှက်ခဲ့ရာမှ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်အပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ အောင်မျိုးသူ ကို မေလ ၆ ရက် ညနေပိုင်းမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့မှာ ဖမ်းဆီးရမိခဲ့ပြီးနောက် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တာဖြစ်ပါတယ်။
တရားရုံးက လူသတ်မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ပြီးနောက် တစ်လခန့်အကြာ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ နှလုံးသွေးကြောပိတ်ပြီး ရုတ်တရက် သေဆုံးခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
အောင်မျိုးသူ သေဆုံးမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ အမျိုးမျိုး ထင်ကြေးပေး ပြောဆိုတာတွေလည်း ရှိနေပါတယ်။
မြို့တော် News Channel