ကထိန်ပဒေသာပင်က ငွေတွေကို ကလေးငယ်တဦးက ဖြုတ်ခိုးယူမှုဖြစ်ပွားခဲ့ပြီး ငွေကျပ် ၁၅ သိန်းလုံး ပြန်လည်ရရှိခဲ့
နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ တာယာအရောင်းဆိုင်ကို ဖောက်ထွင်းပြီး ကထိန်အတွက် ပြင်ဆင်ထားတဲ့ ပဒေသာပင်က ငွေတွေကို ဖြုတ်ခိုးသွားခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်အစော ၁၂ နာရီ ၅၀ မိနစ်ခန့်မှာ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ သမကုန်းလမ်းဆုံအနီးက တာယာအရောင်းဆိုင်တဆိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ငွေကျပ် ၁၅ သိန်း ပါသွားခဲ့တာလို့ သိရပါတယ်။
ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းတွေအရ ကလေးငယ်တဦးဟာ ကတ်ကြေးတလက်နဲ့ ဆိုင်တံခါးက သံပြားကို ဖြတ်တောက်ခဲ့ပြီး ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ကာ ပဒေသာပင်မှာ တပ်ဆင်ထားတဲ့ ပိုက်ဆံတွေကို ကတ်ကြေးနဲ့ ဖြတ်ကာ ခိုးယူသွားခဲ့တာကို တွေ့မြင်ရပါတယ်။
အဆိုပါကလေးငယ်ဟာ ခိုးယူထားတဲ့ ငွေတွေနဲ့ ဖုန်းဆိုင်တဆိုင်မှာ ဖုန်းသွားဝယ်ခဲ့ရာက ဆိုင်က မသင်္ကာတာကြောင့် ရောင်းချပေးဖို့ ငြင်းဆန်ခဲ့ပြီး ပျောက်ဆုံးသွားတဲ့ တာယာဆိုင်မှာလည်း CCTV မှတ်တမ်း ကျန်ခဲ့တာကြောင့် ရပ်ကွက်လူကြီးတွေကတဆင့် ကလေးကို ရှာဖွေတွေ့ရှိခဲ့ပြီး ငွေကျပ် ၁၅ သိန်းလုံးလည်း ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ခိုးယူသွားခဲ့တဲ့ ကလေးငယ်ကို အသက်ငယ်လွန်းသေးတာကြောင့် ပိုက်ဆံတွေသာ ပြန်လည်သိမ်းဆည်းခဲ့ပြီး အရေးယူဆောင်ရွက်တာမျိုး မရှိဘဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel