နေပြည်တော်၊ ချယ်ရီဈေးရှိ ဆိုင်ခန်းသစ်တွေကို လူကြီးပိုင်းတွေက လက်သိပ်ထိုးခွဲဝေရယူပြီး ပြင်ပဈေးကွက်မှာ ဈေးနှုန်းမြှင့်တင်ကာ ပြန်လည်ရောင်းချနေ
နိုဝင်ဘာ ၂၇
နေပြည်တော်၊ ဘူးကွဲအိမ်ရာ၊ ချယ်ရီဈေးမှာ ဆိုင်ခန်းမရှိတဲ့ လမ်းဘေးဈေးသည်တွေအတွက် ရည်ရွယ်ဆောက်လုပ်ပေးထားတဲ့ ဆိုင်ခန်းသစ် ၃၆ ခန်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးဌာနမှ အထက်ပိုင်း အရာရှိကြီးတွေက လက်သိပ်ထိုး ခွဲဝေရယူကာ ပြင်ပမှာ အမြတ်တင် ပြန်လည်ရောင်းချနေတယ်လို့ သိရပါတယ်။
အဆိုပါ ဆိုင်ခန်းတွေဟာ ဈေးရောင်းချနေတဲ့ လမ်းဘေးဈေးသည်တွေအတွက် ရည်ရွယ်ဆောက်လုပ် ပေးခဲ့တာဖြစ်ပြီး မူလသွင်းဈေးမှာ ကျပ်သိန်း ၇၀၀ ဝန်းကျင်သာရှိပေမဲ့ ဆောက်လုပ်ပြီးစီးချိန်မှာတော့ ဈေးဌာန တာဝန်ရှိသူတွေက လက်သိပ်ထိုး ရယူသွားကြပြီး ပြင်ပဈေးကွက်မှာ ကျပ်သိန်း ၂၀၀၀ မှ ၂၆၀၀ အထိ ဈေးနှုန်းမြှင့်တင်ကာ တစ်ဆင့်ပြန်လည် ရောင်းချနေတယ်လို့ သိရပါတယ်။
နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးဌာနမှ လူကြီးပိုင်းတွေက မသမာတဲ့နည်းလမ်းနဲ့ ရယူထားပြီး အဆမတန် မြင့်နှုန်းမြင့်တက်ကာ တစ်ဆင့်ပြန်ရောင်းစားနေတာတွေကြောင့် အမှန်တကယ် ဈေးရောင်းချလိုတဲ့ လမ်းဘေးဈေးသည်တွေအနေနဲ့ ဆိုင်ခန်းဝယ်ယူနိုင်ဖို့ ပိုမိုခက်ခဲနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဆိုင်ခန်းနေရာ မရရှိတဲ့ ဈေးရောင်းချသူ ၃၆ ဦးဟာ ဈေးအပြင်ဘက် လမ်းဘေးနေရာတွေမှာ ရွက်ဖျင်တဲတွေထိုးကာ ခက်ခက်ခဲခဲ ဈေးရောင်းချနေရတာကြောင့် အဆိုပါကိစ္စရပ်ကို သက်ဆိုင်ရာ အထက်လူကြီးပိုင်းတွေ သိရှိပြီး ဖြေရှင်းဆောင်ရွက်ပေးဖို့ကိုလည်း ဈေးသူဈေးသားတွေက တောင်းဆိုနေကြပါတယ်။
မြို့တော် News Channel