တိုက်ခန်းပေါ် ဆန်းရှိတ်တက်ပြင်တဲ့ အမျိုးသား ခြေချော်ပြီး ပြုတ်ကျလို့ သေဆုံး
အောက်တိုဘာ ၂
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ တိုက်ခန်းတခုပေါ်က ဆန်းရှိတ်ကို တက်ပြင်တဲ့ အမျိုးသား ခြေချော်ပြီး ပြုတ်ကျကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ မနက် ၁၀ နာရီ ၂၆ မိနစ်ခန့်က ဖြစ်ပွားခဲ့တာလို့ သိရပြီး တိုက်ခန်းအဆောက်အအုံရဲ့ အနောက်ဘက်က ဆန်းရှိတ်ကို တက်ပြင်ရာက ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။
“အသက် ၅၀ ဝန်းကျင်လောက်ရှိမယ်။ သူ့တိုက်ခန်းက ဆန်းရှိတ်ကို အသစ်ပြန်တပ်တာမှာ ပြုတ်ကျပြီး အသက်ပါ ပါသွားတာ” လို့ ဆိပ်ကမ်းသာလမ်းနေ မြို့ခံတဦးက ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့နဲ့ ကျောက်တံတား ပရဟိတလူမှုကူညီရေးအသင်းတို့က ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ RC ၃ ထပ်တိုက်ရဲ့ အပေါ်ထပ်ကနေ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတဦး ပြုတ်ကျပြီး သေဆုံးခဲ့ပါသေးတယ်။
မြို့တော် News Channel