မန္တလေးမြို့ ကန်တော်ကြီး ကန်ပတ်လမ်းမှာ မူးယစ်ဆေးထိုးသွင်နေရင်း အပ်တန်းလန်းနဲ့ အမျိုးသားတဦး သေဆုံး
စက်တင်ဘာ ၁၉
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်းမှာ အမျိုးသားတဦး ဆေးထိုးအပ်တန်းလန်းနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတခု တွေ့ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၈ ရက် မနေ့က နေ့လယ် ၂ နာရီခွဲခန့်မှာ ချမ်းမြသာစည်မြိုနယ်၊ သံလျက်မော်တောင်ရပ်ကွက်၊ ကန်တော်ကြီးအနောက်ဘက် ကန်ဘောင်ကန်ပတ်လမ်း မှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတဦး ဆေးထိုးအပ်တန်းလန်းနဲ့ သေဆုံးနေတာလို့ သိရပါတယ်။
"မူးယစ်ဆေး လက်ထဲထိုးရင်း ရှော့ဖြစ်တာ ထင်တယ်၊ တယောက်တည်း လဲနေတာ၊ ဖြတ်သွားဖြတ်လာတွေက ပရဟိတအဖွဲ့တွေ ဖုန်းဆက်ပြီးကြည့်တော့ လူကသေနေပြီ" လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူ အမျိုးသားရုပ်အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ပို့ထားတယ်လို့သိရပြီး ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြားရှိ ရွှေတစ်ချောင်း ချောင်းထဲမှာ အသက်ကြီးပိုင်း အမျိုးသားတဦး ဦးခေါင်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ခဲ့ရပြီး တရားခံလည်း မမိသေးဘူးလို့ သိရပါတယ်။
မြို့တော် News Channel