ပျောက်ဆုံးနေတဲ့ ဆိုင်ကယ်အငှားလိုက်မောင်းသူ လူငယ်ကို ဒဏ်ရာတွေနဲ့ သေဆုံးလျက်ပြန်တွေ့
အောက်တိုဘာ ၂၃
မြဝတီမြို့မှာ ပျောက်ဆုံးနေတဲ့ ဆိုင်ကယ်အငှားလိုက်မောင်းသူ အသက် ၂၄ နှစ်အရွယ်ရှိ မောင်ဖြိုးကို အောက်တိုဘာလ ၂၂ ရက် မနေ့က မွန်းလွဲပိုင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီခန့်က မြဝတီမြို့ အာရှလမ်းမကြီးဘေး ချစ်တီး ထမင်းဆိုင်ရှေ့မှာ ခရီးသည်စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်ငှားရမ်းသူ ၂ ဦး ရောက်ရှိလာပြီး ဆိုင်ကယ်ငှားခဲ့တာကြောင့် ပို့ဆောင်ဖို့ လိုက်သွားရာကနေ ပျောက်ဆုံးနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုသို့ လိုက်သွားခဲ့ပြီးနောက် အောက်တိုဘာလ ၂၂ ရက်နေ့ မနက် ၁၀ နာရီအချိန်ထိ ပြန်ရောက်မလာဘဲ အဆက်အသွယ် ပြတ်တောက်ခဲ့တာကြောင့် မိသားစုဝင်တွေက ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ဆိုင်ကယ်တက္ကစီမောင်းသူ အသက် ၂၄ နှစ်အရွယ်ရှိ မောင်ဖြိုးကို မြဝတီမြို့ ဇရစ်ချောင်အမှိုက်ပုံ အနောက်ဘက်မှာ ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဆိုင်ကယ်တက္ကစီး ငှားရမ်းခဲ့သူ ၂ ဦးဟာ လူပြတ်လပ်တဲ့နေရာကို ခေါ်ဆောင်ကာ မောင်ဖြိုးကို သတ်ပြီး ဆိုင်ကယ်လုယူထွက်ပြေးသွားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပြီး လတ်တလောမှာတော့ တရားခံတွေကို ဖမ်းဆီးရမိရေး စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မြို့တော် News Channel