ရငဲရွာကို အာဏာသိမ်းစစ်တပ်က ၂ ရက်ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ အရပ်သားနေအိမ်တွေ ပျက်စီး
နိုဝင်ဘာ ၁၃
သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ၂ ရက်ဆက်တိုက် ရမ်းသန်းပစ်ခတ်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့က ရငဲကျေးရွာအနီးမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်သား ၁ ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
“အဲနေ့က ကတွဲရွာက အရပ်သား ၂ ယောက်ကို သူတို့က ဖမ်းလာတာလို့ ကြားတယ်။ အဲအချိန် ရငဲရွာနားမှာ ဒရုန်းဗုံး အချခံရတာ၊ စစ်သားတယောက်နဲ့ အရပ်သားတယောက် သေတယ်။ အရပ်သားက ကတွဲရွာကလူလား မသိဘူး၊ သူတို့က အဲ့အလောင်း ၂ ခုကို မြေမြှုပ်ထားခဲ့တာ။ ဘေးမှာ ၄၀၅ လို့ ရေးထားတယ်၊ ဆန်အိတ်လေး တအိပ်လည်း ထားခဲ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာတော့ အာဏာသိမ်းစစ်တပ်က သူတို့စခန်းအထိုင်ချရာ ဝင်းဝရွာစခန်းကနေ လက်နက်ကြီးနဲ့ ၂ ရက်ဆက်တိုက် ရငဲရွာကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“ပထမရက်က ဈေးနားကအိမ်ပေါ် ကျတယ်၊ ဒုတိယရက်ကျတော့ ရွာအလယ်ကအိမ်ပေါ် ကျတယ်။ လူထိခိုက် သေဆုံးတာမရှိပေမယ့် အိမ်တွေကတော့ ပျက်စီးသွားတယ်” လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။
လတ်တလောမှာ အာဏာသိမ်းစစ်တပ်ရဲ့ ရန်ကြောင့် ရငဲကျေးရွာက ဒေသခံတွေ ကျေးရွာထဲ ပြန်မနေရဲကြသေးဘူးလို့ သိရပြီး အာဏာသိမ်းစစ်တပ်ဘက်ကလည်း ဝင်းဝစခန်းထဲကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မြို့တော် News Channel