ဝဇီရာကဇာတ်ရုံ ဖွင့်ပွဲတက် မင်းအောင်လှိုင်ကို မရောင်ရာဆီလူး သမ္မတတုလို့ ပြည်သူတွေဝေဖန်
ဇူလိုင် ၂၇
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ တည်ရှိတဲ့ ရာစုနှစ်နီးပါး သက်တမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံအဖြစ် ပြန်လည်ပြုပြင်ဖွင့်လှစ်ပွဲကို ဇူလိုင် (၂၇) ရက် မနက်ပိုင်းက ကျင်းပခဲ့ရာမှာ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင် အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားမှာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်တာ၊ ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည် ပက်ဖျန်းတာ၊ ဂုဏ်ပြုစကားပြောကြားတာနဲ့ အနုပညာအစည်းအရုံးတွေက ဖျော်ဖြေမှုတွေ ပါဝင်ခဲ့ပါတယ်။ ၁၉၂၃ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ အဲဒီရုပ်ရှင်ရုံကို မူလ Beaux Arts ဗိသုကာလက်ရာတွေအတိုင်း ပြန်လည်ပြုပြင်ခဲ့တာလို့လည်း သိရပါတယ်။
ဒါပေမဲ့ အဆမတန် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းဒဏ်နဲ့ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် အောက်ခြေပြည်သူလူထု ခက်ခဲနေချိန်မှာ အခုလို ဟန်ပြဖွင့်ပွဲတွေ ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
"လက်ရှိ ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်နဲ့ ပျော်ရွှင်မှုက ဒါတွေ မဟုတ်ပါဘူး။ နေ့စဉ် စားသောက်ကုန်ဈေးနှုန်းတွေ ကျဆင်းပြီး ဝမ်းရေး ပြေလည်ဖို့ ဖြစ်ပါတယ်။ တညီတညွတ်တည်း တင်မြှောက်ထားခြင်း မရှိဘဲ ရာထူးယူထားတဲ့ စစ်ခေါင်းဆောင်အနေနဲ့ တိုင်းပြည် သာယာနေသလို နိုင်ငံတကာနဲ့ အများအမြင်မှာ တိုင်းပြည်ကောင်းနေပါတယ်ဆိုပြီး ပြသဖို့ပဲ ဒါမျိုးတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်" လို့ ရန်ကုန်မြို့နေ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက မြို့တော်ကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကျပ်တည်းမှုတွေကြား စားဝတ်နေရေး အခြေခံပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းပေးတာမျိုး မရှိဘဲ ပုံရိပ်ကောင်းရရှိရေးအတွက် အလှပြပွဲတွေပဲ ဆက်တိုက်ဖန်တီးနေတဲ့ လုပ်ရပ်တွေအပေါ် အနာနဲ့ ဆေးမတည့်တဲ့ လုပ်ရပ်အဖြစ် ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ ပြုလုပ်နေပါတယ်။
“လမ်းတွေ အကုန်ပိတ်ပြီး လုံခြုံရေးတွေလည်း အများကြီး ချထားတယ်။ သွားလာရအကုန်ခက်ကုန်တယ်။ သူလာတာက ကောင်းကျိုးထက် ဆိုးကျိုးက များနေသလိုပဲ။ တကယ်ပြည်သူတွေအတွက် စဉ်းစားရင် အခု ကြက်ဥတစ်လုံး ၆၀၀၊ ၇၀၀ (ကျပ်) ဖြစ်နေတာနဲ့ ကုန်စျေးနှုန်းတွေကျအောင် လုပ်ပေးပါဦး။ လူငယ်တွေကို အတင်းဓမ္မ စစ်မှုထမ်းခိုင်း စစ်မြေပြင်ပို့နေတာတွေကို ရပ်ပေးလိုက်ပါဦး။ မရောင်ရာဆီလူးနေတယ်”လို့ ကျောက်တံတားမြို့နယ်က အသက် ၃၀ အရွယ် လူငယ်တဦးက မြို့တော်ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ မနီလာ အာဆီယံအစည်းအဝေးကို အကြောင်းပြုပြီး တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရနေသလိုလို၊ ရွေးကောက်ပွဲအပြီး ပုံမှန်အစိုးရ ဖြစ်လာတော့မလို ဟန်ပြ ပုံရိပ်ဖန်တီးပြီး အာဆီယံ စားပွဲဝိုင်းကို ပြန်ဝင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်မှာ ပြီးဆုံးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲနဲ့ အစိုးရ တရားဝင်မှုကို လုံးဝ အသိအမှတ် မပြုခဲ့တဲ့အပြင် အာဆီယံ အထူးသံတမန်ကိုယ်တိုင်ကပါ စစ်ခေါင်းဆောင်တွေ အာဆီယံကို ပြန်လာဖို့ဆိုတာ အလှမ်းဝေးသေးတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ရတဲ့အထိ သံတမန်ရေးရာ ကြိုးပမ်းမှုတွေ အရေးနိမ့်ခဲ့ပါတယ်။
မြို့တော် News Channel