ဘေးကင်းမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပတွေ ရောင်းချမှုအတွက် AliExpress ကို ဥရောပသမဂ္ဂက ယူရို သန်း ၅၅၀ စံချိန်တင် ဒဏ်ရိုက်
ဇူလိုင် ၂၇
ဘေးကင်းလုံခြုံမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပ ကုန်ပစ္စည်းတွေ ရောင်းချနေတာကို ထိထိရောက်ရောက် တားဆီးဖို့ ပျက်ကွက်ခဲ့တာကြောင့် တရုတ်အွန်လိုင်းဈေးဝယ်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ AliExpress ကို ဥရောပကော်မရှင် (European Commission) က ဇူလိုင် ၂၀ ရက်မှာ ယူရို သန်း ၅၅၀ (ကန်ဒေါ်လာ ၆၂၉ သန်းနီးပါး) စံချိန်တင် ဒဏ်ရိုက်လိုက်ပါတယ်။
ဒီဒဏ်ကြေးဟာ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဆိုင်ရာ ဥပဒေ (Digital Services Act - DSA) ကို ချိုးဖောက်မှုအတွက် ချမှတ်ခဲ့ဖူးသမျှထဲမှာ အမြင့်မားဆုံးလည်း ဖြစ်ပါတယ်။
“အတုအပ အဝတ်အထည်တွေ၊ ဘေးကင်းမှုမရှိတဲ့ ကစားစရာတွေ၊ အန္တရာယ်ရှိတဲ့ အလှကုန်တွေနဲ့ တခြား တရားမဝင်၊ အန္တရာယ်ရှိ ပစ္စည်းတွေ ပျံ့နှံ့နေတာဟာ အွန်လိုင်းကနေ ဈေးဝယ်တဲ့အခါ မရှောင်လွှဲနိုင်တဲ့ ကုန်ကျစရိတ်တစ်ခု မဟုတ်ပါဘူး။ ဒါဟာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဆိုင်ရာ ဥပဒေအရ အလီအက္ကစပရက်စ်က လိုက်နာရမယ့် တာဝန်တွေကို ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်” လို့ ဥရောပကော်မရှင်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် AliExpress စနစ်တကျ ဖြစ်ပေါ်နေတဲ့ အန္တရာယ်တွေကို ဆန်းစစ်ဖို့နဲ့ လျှော့ချဖို့ ပျက်ကွက်ခဲ့တဲ့ တာဝန်တွေကို ပြန်လည်ကုစားမယ့် အစီအစဉ်တစ်ရပ်ကို အောက်တိုဘာ ၂၀ ရက်နေ့ထက် မနောက်ကျဘဲ တင်ပြဖို့ ဥရောပကော်မရှင်က သတ်မှတ်ထားပါတယ်။
AliExpress ဘက်ကတော့ DSA စတင်အသက်ဝင်ကတည်းက ထုတ်ကုန်လုံခြုံရေးနဲ့ စားသုံးသူကာကွယ်ရေးအပါအဝင် သတ်မှတ်ထားတဲ့ တာဝန်တွေကို လိုက်နာဖို့ အရင်းအမြစ်တွေ အများအပြား ရင်းနှီးမြှုပ်နှံထားတယ်လို့ ပြောပြီး ဒဏ်ငွေဟာ မမျှတဘဲ အလွန်အကျွံဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ဒီအရေးယူမှုဟာ AliExpress ရဲ့ မိခင်ကုမ္ပဏီ Alibaba က တရားမဝင် ဆေးဝါးနဲ့ ပစ္စည်းတွေ အမေရိကန်ဆီ တင်ပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဖြေရှင်းဖို့ အမေရိကန်အစိုးရကို ဒေါ်လာ သန်း ၆၀၀ ပေးလျော်ရမယ်လို့ သတင်းထွက်ပေါ်လာပြီးနောက် ၃ ပတ် မပြည့်သေးခင်မှာတင် ထပ်မံပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
ဥရောပကော်မရှင်ဘက် DSA ချိုးဖောက်မှုမျိုးနဲ့ အွန်လိုင်းဈေးဝယ်ပလက်ဖောင်း Temu ကို ပြီးခဲ့တဲ့လပိုင်းကပဲ ယူရို သန်း ၂၀၀ ဒဏ်ရိုက်ခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း အီလွန်မတ်စ်ခ် ပိုင်တဲ့ X လူမှုကွန်ရက်ကိုလည်း ယူရို သန်း ၁၂၀ ဒဏ်ရိုက်ခဲ့ပါသေးတယ်။
Ref & Photo; AP
Photo; AP, iStock
မြို့တော် News Channel