အရေးပေါ်
ပြည်တွင်းသတင်း

မင်းအောင်လှိုင် ရောက်တဲ့နေရာတိုင်း မကောင်းတာ တစ်ခုမဟုတ် တစ်ခု ဖြစ်တတ်လို့ ထိုင်းရောက် မြန်မာတွေ စိုးရိမ်နေ

၂၀၂၆ သြဂုတ် ၄ Myo Taw
မင်းအောင်လှိုင် ရောက်တဲ့နေရာတိုင်း မကောင်းတာ တစ်ခုမဟုတ် တစ်ခု ဖြစ်တတ်လို့ ထိုင်းရောက် မြန်မာတွေ စိုးရိမ်နေ

မင်းအောင်လှိုင် ရောက်တဲ့နေရာတိုင်း မကောင်းတာ တစ်ခုမဟုတ် တစ်ခု ဖြစ်တတ်လို့ ထိုင်းရောက် မြန်မာတွေ စိုးရိမ်နေ

ဩဂုတ် ၄

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်တဲ့ နိုင်ငံ ဒါမှမဟုတ် ပြည်တွင်းက နေရာတွေမှာ ရေကြီးတာ၊ မုန်တိုင်းတိုက်တွေနဲ့ တခြားမကောင်းတဲ့ ဖြစ်ရပ်တွေ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်တတ်လို့ ထိုင်းရောက် မြန်မာတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင်ရဲ့ တရားဝင်ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံကို လာရောက်မှာ ဖြစ်ပြီး ဩဂုတ်လ ပထမအပတ်ထဲမှာ အဆိုပါ ခရီးစဉ် စတင်ဖို့ ရှိနေပါတယ်။

ခရီးစဉ်အတွင်း ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆွေးနွေးပွဲပြုလုပ်တာ၊ ထိုင်းနိုင်ငံ အမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနဲ့ တွေ့ဆုံတာတွေကို ပြုလုပ်သွားမယ်လို့ အာဏာသိမ်း အစိုးရက ထုတ်ပြန်ထားပါတယ်။

“သူသွားတဲ့နေရာတွေတိုင်း မကောင်းတာ တစ်ခုမဟုတ် တစ်ခု ဖြစ်တယ်။ အိန္ဒိယတို့ ဘာတို့ဆိုလည်း ကြည့်ပေါ့။ ဘာမှမဟုတ်တဲ့ ရန်ကုန်သွားတာတောင် အကုန် ရေမြုပ်ပဲလေ။ တိုက်ဆိုင်မှုလို့ ပြောလို့ရပေမဲ့ ဟိုးအရင်လည်း သူနဲ့ ပတ်သက်ခဲ့တဲ့ နိုင်ငံတွေ၊ လူတွေ တစ်ခုမဟုတ်၊ တစ်ခု ခဏခဏ ဖြစ်ဖူးခဲ့တာဆိုတော့ မကောင်းဆိုးရွားလိုပဲ လန့်တယ်။ အခုလည်း သူမလာခင် မဲဆောက်လို နေရာက လှုပ်နေပြီ။ ဟိုစစ် ဒီစစ်နဲ့ မငြိမ်းချမ်းဘူး” လို့ ထိုင်းနိုင်ငံ၊ မဲဆောက်မှာ နေထိုင်တဲ့ မြန်မာပြည်သူတစ်ဦးက မြို့တော်ကို ပြောပါတယ်။

လက်ရှိမှာ မင်းအောင်လှိုင်ကို တရားဝင်ခရီးစဉ် ဖိတ်ကြားခဲ့တဲ့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် Justice For Myanmar- JFM က ရှုတ်ချကြောင်း ဩဂုတ် ၃ ရက်နေ့က အသိပေးထုတ်ပြန် ထားပါတယ်။ မင်းအောင်လှိုင်ဟာ သူ့ရဲ့ ထိုင်းနဲ့ နိုင်ငံတကာခရီးစဉ် မလာခင် ICRC နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကို ထုတ်ပြခဲ့ပြီး တရားဝင်မှုကို ပိုမိုရရှိအောင် လုပ်ဆောင်နေပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque တို့ တွေ့ဆုံမှုအပေါ် ထိုင်း ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် တို့ကလည်း ကြိုဆိုကြောင်း အသိပေးထားပါတယ်။

“ဘာအကြံဉာဏ်နဲ့ လာသလဲထက် ဘယ်လိုပုံစံနဲ့ကိုမှ မလာစေချင်ဘူး။ ကောင်းတာတစ်ခုမှ ရှိမှာ မဟုတ်ဘူး။ သူဘက်ကတော့ သူက တရားဝင်ကြောင်းကို အမျိုးမျိုးနဲ့ အခုအချိန်မှာ ပြသမှာပဲ။ ဘယ်နိုင်ငံက ခေါ်ခါ် အမြီးနှံ့ပြီး လာမှာ။ ပြီးရင် နိုင်ငံတကာနဲ့ ပြည်တွင်းမှာ ဘယ်လိုဘယ်ပုံတွေ ဆွေးနွေးခဲ့တယ်။ ဘယ်သူတွေက ထောက်ခံတယ် ဆိုတာကို ဝါဒဖြန့်မယ်။ တစ်ခုရှိတာက မင်းအောင်လှိုင်က သူ့အလုပ်ကို သူ ကောင်းကောင်း တစ်ဆင့်ချင်း လုပ်နေတာ၊ လုပ်ခွင့်ပြုနေတာကိုတော့ အံ့ဩတယ်”လို့ ထိုင်းရောက် CDM အမျိုးသမီးတစ်ဦးက မြို့တော်ကို ပြောပါတယ်။

Justice For Myanmar- JFM ကတော့ ထိုင်းနိုင်ငံအနေနဲ့ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ရာဇဝတ်ဂိုဏ်း ကွန်ရက်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သင့်ပြီး သူတို့ရဲ့ တရားမဝင်ပိုင်ဆိုင်မှုတွေကို သိမ်းယူသင့်တယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစွဲဆို အပြစ်ပေးနိုင်ရေးအတွက် ဒေသတွင်းနဲ့ နိုင်ငံကာ မိတ်ဖက်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်သူတွေရဲ့ သွေးတွေနဲ့ စွန်းထင်းနေတဲ့ စစ်ရာဇဝတ်ကောင်အဖြစ် စွပ်စွဲခံထားရသူတစ်ဦးကို ထိုင်းနိုင်ငံက ကော်ဇောနီခင်း ကြိုဆိုနေတာကို ကန့်ကွက်ပြီး မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံအတွက် ရုန်းကန်ကြိုးပမ်းနေသူတွေနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ပေးဖို့လည်း အသိပေးထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

တရုတ်မယားအဖြစ် ရောင်းစားဖို့ ပြုလုပ်ခဲ့သူတွေကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ် ပြည်တွင်းသတင်း

တရုတ်မယားအဖြစ် ရောင်းစားဖို့ ပြုလုပ်ခဲ့သူတွေကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်

မြန်မာအမျိုးသမီးတွေကို တရုတ်နိုင်ငံမှာ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားဖို့ စီစဉ်ဆောင်ရွက်ခဲ့ကြသူတွေကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့…

ဖတ်ရန်
မိခင်က အရက်ဖိုး မပေးလို့ဆိုကာ သားဖြစ်သူက ဓားမနဲ့ ခုတ်
VIDEO ပြည်တွင်းသတင်း

မိခင်က အရက်ဖိုး မပေးလို့ဆိုကာ သားဖြစ်သူက ဓားမနဲ့ ခုတ်

မိခင်က အရက်ဖိုး မပေးလို့ဆိုကာ သားဖြစ်သူက ဓားမနဲ့ ခုတ် တဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဩဂုတ်လ ၄…

ကြည့်ရန်
နေပြည်တော် လယ်ဝေးက လူငယ်တဦး မိခင်က ဆေးဝယ်ခိုင်းလို့ သွားရာက ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရ ပြည်တွင်းသတင်း

နေပြည်တော် လယ်ဝေးက လူငယ်တဦး မိခင်က ဆေးဝယ်ခိုင်းလို့ သွားရာက ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရ

နေပြည်တော်၊ လယ်ဝေးမြိုန့ယ်၊ ကြို့ပင်ကြီးရွာနေ လူငယ်တဦးဟာ မိဖြစ်ဖြစ်သူက ဆေးဝယ်ခိုင်းလို့ ဆေးသွားဝယ်ရာက လမ်းမှာ ပေါ်တာဆွဲ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ သိရပါတယ်။

ဖတ်ရန်