မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံ ၁၂ ဦး ရဲ့ အရိုးစုတွေ တွေ့ရှိ
အောက်တိုဘာ ၅
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှာ အာဏာသိမ်းစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံတွေရဲ့ အရိုးစုတွေကို ရှာတွေ့ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်က အောက်တိုဘာလ ၄ ရက် မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ စက်မှု ၂ မှ ဝဲတူးရေနံမြေကို လာတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ဂွေးကုန်းရွာမှ ပြည်သူ ၉ ဦး၊ မကျီးကုန်းရွာမှ ပြည်သူ ၁ ဦး၊ သံချောင်းရွာမှ ပြည်သူ ၁ ဦး နဲ့ မကျည်းကန်ရွာမှ ပြည်သူ ၁ ဦး စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခဲ့တဲ့ပြည်သူ ၁၂ ဦးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ သတ်ပစ်ခဲ့တယ်လို့ သိမ်းဆည်းရမိတဲ့ မှတ်စုစာအုပ်တွေဆီကနေ သိခဲ့တာလို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်က အသိပေးထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက ဝက်ပုတ်ရွာကို ၂၀၂၄ ခုနှစ်က သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရာမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့နေရာကို ရှာဖွေခဲ့ကြပေမယ့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ မှိုရှာသွားတဲ့ ဒေသခံက ရှာတွေ့ခဲ့တာလို့ ဆိုပါတယ်။
တွေ့ရှိတဲ့နေရာကို ဒေသခံတာဝန်ရှိသူတွေက တူးဖော်ခဲ့ကြရာမှာ မြေကျင်းနှစ်ကျင်းမှ ရုပ်အလောင်း ၁၂ လောင်းရဲ့ အရိုးစုတွေကို တွေ့ရှိခဲ့ပြီး ကြိုးတုတ် မျက်နှာစီး ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ပုံစံ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အဲဒီ ရုပ်အလောင်းတွေဆီကနေ မှတ်ပုံတင်၊ ကျောင်းသားကတ်၊ မွေးစာရင်း စတဲ့ အချက်အလက် အထောက်အထားတွေကို တွေ့ ရှိခဲ့တာကြောင့် ဂွေးကုန်းရွာမှ ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူတွေ ဖြစ်နေတာကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အညာမြေ အရပ်ဖက်လူမှုအ ဖွဲ့အစည်း - မြိုင် က ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူတွေဟာ အောင်ဇင်ဟိန်း (၂၆ နှစ်) ၊ ဦးကျော်ဌေး (၅၁ နှစ်) ၊ မင်းဇော်ဦး (၄၂ နှစ်) ၊ အောင်မိုး (၃၉ နှစ်) ၊ ဦးဩ (၆၁နှစ်) ၊ ဌေးမြင့် (၅၅ နှစ်) ၊ သော်ဇင်ထိုက် (၁၅နှစ်) ၊ ဆန်းလင်းမောင် (၄၂ နှစ်) ၊ ဖြိုးဝေမောင် (၃၈ နှစ်) ၊ ထွန်းသိန်း (၄၈ နှစ်) နှင့် အုန်းလင်း (၂၉ နှစ်) တို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်ကတော့ ဒီပြစ်မှုကို ကျူးလွန်ခဲ့သူတွေဟာ ဝက်ပုတ်ရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေ နဲ့ ဝက်ပုတ်ရွာမှာ တာဝန်ကျတဲ့ ဗိုလ်ဘိုဖြူ တို့က ဦးဆောင်ခဲ့တာလို့ အသိပေးထားပါတယ်။
မြို့တော် News Channel