ရွှေစင်စင်္ကြာ ခရီးသည်တင်ကားက PDF တပ်ဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်လို့ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ဆို
အောက်တိုဘာ ၁၇
ရေး-သံဖြူဇရပ် ကားလမ်းမပေါ်မှာ ရွှေစင်စင်္ကြာ ခရီးသည်တင်ယာဥ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကို လမ်းပြောင်းပြန်မောင်းကာ ဝင်တိုက်မိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီး ရေးမြို့ဘက်ကနေ မောင်းနှင်လာတဲ့ ရွှေစင်စင်္ကြာ ခရီးသည်တင် မှန်လုံယာဉ်ဟာ ကုန်ကားတစီးကို ကျော်တက်ခဲ့ပြီး လမ်းညာဘက်က ကပ်မောင်းလာတဲ့ PDF အဖွဲ့ဝင် ၂ ဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့တာလို့ သိရပါတယ်။
“ကားတစီးကို ကျော်တက်တာ၊ တဖက်က PDF တွေစီးလာတဲ့ ဆိုင်ကယ်ကို တိုက်မိတာ။ တယောက် ဆုံးသွားတယ်၊ တယောက်ကလည်း အတော်ထိတယ်။ အဲ့ဒါကြောင့် ယာဉ်မောင်းကို ဖမ်းထားတာ၊ ဂိတ်မှူးတွေ ဘယ်လိုလုပ်မယ် မသိသေးဘူး။ ပိန္နဲတောရွာ စစ်ဆေးရေးဂိတ်က PDF ရဲဘော်တွေ ဖြစ်တာလို့တော့ ကြားတယ်” လို့ ကားသမားတဦးက ပြောပါတယ်။
ကားနဲ့တိုက်ခံရလို့ ဆိုင်ကယ်လွင့်စင်သွားကာ ရဲဘော် ၂ ဦးထဲက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပြီး အခင်းဖြစ်ပွားရာ နေရာကို တော်လှန်ရေးတပ်တွေ ရောက်လာကာ ယာဥ်မောင်းနဲ့ စပယ်ယာကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ခရီးသည် ၂၅ ဦးကို တခြားကားပေါ်ကို ပြောင်းကာ ဆက်လက် ခရီးဆက်စေခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel