ပုဒ်မ ၅၀၅(က)နဲ့ မတရားဖမ်းဆီးကာ ထိန်းသိမ်းခံထားရတဲ့ လူငယ်တချို့ လွတ်ရက်စေ့လို့ ပြန်လွတ်လာ
အောက်တိုဘာ ၂
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အကျဉ်းထောင်မှာ ၅၀၅(က)နဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လူငယ် ၃ ဦးကို အာဏာသိမ်းစစ်တပ်လက်အောက်ခံ အကျဥ်းဦးစီးဌာနက ရက်စေ့လို့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်းက ရက်စေ့လို့ ပြန်လွှတ်ပေးခဲ့တာလို့ သိရပြီး လွတ်မြောက်လာသူတွေဟာ ဂန့်ဂေါနယ်က အသက် ၂၀ ဝန်းကျင် ဒေသခံလူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
“ဂန့်ဂေါရွာဘက်က ကလေးတွေ ၃ ယောက် လွတ်လာတာ။ တခြားအမှုနဲ့လူတွေလည်း လွတ်လာတဲ့သူတွေ ရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
လွတ်မြောက်လာတဲ့ လူငယ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ကျေးရွာတွေမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲတဲ့အချိန် ဖမ်းဆီးခံရတဲ့ လူငယ်တွေဖြစ်ပြီး 'အများပြည်သူ အေးချမ်းသာယာရေးကို ပျက်ပြားစေရန် လှုံဆော်တယ်' လို့ဆိုကာ ၅၀၅(က)နဲ့ အမှုဖွင့် ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ သရက်နဲ့ မကွေးအကျဥ်းထောင်တွေက အကျဥ်းသားတချို့လည်း လွတ်ရက်စေ့လို့ ပြန်လွတ်လာကြတယ်လို့ ကနဦးသိရပြီး အဲ့ဒီထဲမှာ နိုင်ငံရေးအကျဥ်းသားတွေ ပါ/မပါကိုတော့ မသိရသေးပါဘူး။
မြို့တော် News Channel