"စိုး" လျှပ်စစ်တည်ထောင်သူ ဦးစိုးတင့်ရဲ့သား ကိုကျော်မင်းထွန်းက ဓမ္မာရုံတွေကို မြေထိုးစက်နဲ့ ထိုးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆို
စက်တင်ဘာ ၂၁
နေပြည်တော်၊ ပျဉ်းမနားမြို့၊ "စိုး" လျှပ်စစ် တည်ထောင်သူ ဦးစိုးတင့်ရဲ့ သားဖြစ်သူ ကိုကျော်မင်းထွန်းက ပျဉ်းမနားမြို့အတွင်းရှိ ဓမ္မာရုံတွေမှာ တာဝန်ယူထားတဲ့ ရပ်မိရပ်ဘ လူကြီးတွေကို ရိုင်းစိုင်းစွာ ပြောဆိုခဲ့တဲ့အပြင် ဓမ္မာရုံတွေကိုလည်း မြေထိုးစက်နဲ့ ထိုးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။
ပျဉ်းမနားမြို့အတွင်းမှာ ရပ်ကွက်အလိုက် ဓမ္မာရုံ ၈ ရုံ ရှိပြီး ကိုကျော်မင်းထွန်း ဟာ စက်တင်ဘာလ ၁၉ ရက်နေ့က သွားရောက်ခဲ့ကာ ဓမ္မာရုံက တာဝန်ရှိ ရပ်မိရပ်ဘ လူကြီးတွေနဲ့ တွေ့ဆုံခဲ့ပြီး အာဏာရှင်ဆန်စွာ ပြောဆိုဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။
"မြို့ထဲမှာ ရှိတဲ့ ဓမ္မာရုံ ၈ ရုံက နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီး။ ပျဉ်းမနားတမြို့လုံးက လေးစားကြည်ညိုကြတဲ့ ဦးစိုးတင့် က သူသက်ရှိထင်ရှားရှိစဉ်မှာ ဓမ္မာရုံတွေကို တည်ဆောက်ပေးခဲ့တာ။ ဒါကို သူက သူ့အဖေ ဆောက်ပေးထားတဲ့ ဓမ္မာရုံတွေမလို့ သူပိုင်တယ် ဆိုတာမျိုးနဲ့ လူကြီးတွေကို ရင့်ရင့်သီးသီး ပြောဆိုခဲ့တာ" လို့ ဓမ္မာရုံတာဝန်ရှိသူတွေနဲ့ နီးစပ်သူ တဦးက မြို့တော်ကို ပြောပါတယ်။
ဓမ္မာရုံတွေမှာ ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဝတ်ရွတ်အသင်းတွေအလိုက် ဓမ္မစကြာ ရွတ်ဖတ်တဲ့ အလေ့အထ ရှိခဲ့ပေမယ့် ကိုကျော်မင်းထွန်း ဓမ္မာရုံတွေကို လာရောက်ခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက် တော်သလင်းလဆန်း ၈ ရက် ဥပုသ်နေ့မှာတော့ ဓမ္မစကြာပါ ရွတ်ဖတ်ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။
"သူက အဲ့အစည်းအဝေးမှာ ဆွမ်းလောင်းတာ၊ ဓမ္မစကြာ ရွတ်တာ အလုပ်မဟုတ်ဘူး။ သီတင်းကျွတ် နှစ်ကျိတ်ရှစ်ဆူ ဘုရားပွဲမှာ သုံးတဲ့ ကုန်ကျစရိတ်တွေနဲ့ ခင်ဗျားတို့ဘာသာ မြေနေရာအသစ်ရှာပြီး ဓမ္မာရုံတွေ ဆောက်ကြ။ ခင်ဗျားတို့က မြေနေရာပဲ ပိုင်တာ။ ကျုပ်အဖေက ဆောက်ပေးခဲ့လို့ ခင်ဗျားတို့ ဒီလိုနေနေရတာ၊ ဒီပုံစံအတိုင်းဆိုရင် မြေထိုးစက်နဲ့ ဓမ္မာရုံတွေကို ထိုးပစ်မယ်ဆိုပြီး အော်ဟစ်ပြောဆိုခဲ့တာ" လို့ နောက်ထပ် ဓမ္မာရုံတာဝန်ရှိသူတဦးက မြို့တော်ကို ပြောပါတယ်။
ကိုကျော်မင်းထွန်းရဲ့ အခုလိုပြောဆိုမှုတွေကြောင့် ရပ်ကွက်အတွင်း သတင်းပြန့်နှံ့နေပြီး ဓမ္မာရုံတာဝန်ရှိသူ လူကြီးတချို့ကလည်း မြို့နယ်သံဃနာယကအဖွဲ့ထံ စာတင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
"ဓမ္မာရုံတွေမှာ တာဝန်ယူထားတဲ့ ရပ်ကွက်က လူကြီးတွေက လုပ်ငန်းကိုယ်စီနဲ့ပါ ဓမ္မာရုံကရလို့ စားသောက်နေထိုင်နိုင်တဲ့ သူတွေမှမဟုတ်တာ။ သူအဲ့လိုတော့ ပြောခွင့်မရှိဘူး။ သူ ဆူငေါက်ပြောဆိုပြီးတော့ လူကြီးတစ်ယောက်က ငါ့တူ ပြောပြီးရင် ဦးတို့ ပြောပါအုံးမယ်ဆိုပြီး အေးဆေးပြောတာကို ခင်ဗျားတို့ ဘာမှပြောစရာမလိုဘူး၊ ကျနော်ပြောတာပဲ နားထောင်ဆိုပြီး အော်ငေါက်သွားတာ" လို့ ဓမ္မာရုံ အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ ရပ်မိရပ်ဘ တဦးက မြို့တော်ကို ပြောပါတယ်။
ကိုကျော်မင်းထွန်း ရောက်လာချိန်မှာ အရက်သေစာ သောက်စားထားတာမျိုး မရှိပေမယ့် ပုံမှန်အတိုင်း ဖြစ်မနေဘဲ ဆေးဝါးတစ်ခုခု သုံးစွဲထားတဲ့ ပုံစံမျိုးနဲ့ မူမမှန်တာတွေလည်း ရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
မြို့တော် News Channel