ကပစ ၁၂ မှ တက်လာတဲ့ ပါရာမော်တာ ၃ စီးက တိုက်ခိုက်ခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရ
အောက်တိုဘာ ၉
မကွေးတိုင်း၊ သရက်မြို့နယ်၊ ကပစ ၁၂ မှ တက်လာတဲ့ ပါရာမော်တာ ၃ စီးက မင်းတုန်းမြို့နယ်၊ ချင်းနစ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေနဲ့ နွားတွေသေဆုံးခဲ့ပြီး ဆေးခန်းနဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ဒီနေ့ နေလယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၈ ရက် မနေ့က ညနေ ၅ နာရီခန့်မှာ သရက်မြို့အခြေစိုက် ကပစ ၁၂ မှ တက်လာတဲ့ ပါရာမော်တာ ၃ စီးက မင်းတုန်းမြို့နယ်၊ ချင်းနစ်ရွာကို ဗုံးသီး ၉ လုံး ကြဲချခဲ့ပြီး လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းနစ်ကျေးရွာနေ အပြစ်မဲ့ပြည်သူ၊ ဒေသခံ ဦးထွန်းတင် အသက် (၈၃)နှစ်နှင့် မောင်ဝေယံဦး အသက် (၁၂) နှစ်တို့ သေဆုံးခဲ့ပြီး မှိက်ကျေးရွာနေ ကိုဗိုလ်ဗိုလ်ဝင်း အသက် (၂၅) နှစ်၊ လက်ပွကျေးရွာနေ ကိုအောင်ဖြိုးဝေ အသက် (၂၅)နှစ်နဲ့ ချင်းနစ်ကျေးရွာနေ မပလောင် အသက် (၂၅) နှစ်တို့ ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
အလားတူ ဒေသခံတွေရဲ့ နွား ၇ ကောင် သေဆုံးခဲ့တာအပြင် ဆေးခန်းနှင့် နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ကပစ ၁၂ မှ တက်လာတဲ့ ပါရာမော်တာ ၃ စီးက မင်းတုန်းမြို့နယ်၊ ဇွန်းကျကျေးရွာကို ဗုံးကြဲခဲ့တဲ့အတွက် အသက် ၁၅ နှစ်အောက် ကလေး ၄ ဦး၊ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၀ အရွယ် အမျိုးသမီးတို့ သေဆုံးခဲ့ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး နဲ့ အသက် ၁၆ နှစ်အောက် အမျိုးသမီး ၄ ဦးတို့က ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel