ရန်ကုန်မြို့မှာ တရားမဝင် ရေခိုးသွယ်ယူသုံးစွဲပါက ကျပ် ၅ သိန်းအထိ ဒဏ်ငွေချမှတ်မယ်လို့ဆို
နိုဝင်ဘာ ၁၂
ရန်ကုန်မြို့အတွင်း ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်ပြီး ရေခိုးသွယ်ယူတာ၊ ခွင့်ပြုထားတဲ့ ရေပိုက်လိုင်းကနေ ဆင့်ပွားပိုက်ဆက်သွယ်တာနဲ့ ရေကို တရားမဝင် ရယူသုံးစွဲတာတွေ ပြုလုပ်ပါက ကျပ် ၁ သိန်းကနေ ၅ သိန်းအထိ ငွေဒဏ်ချမှတ်ခံရမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုအင်ဂျင်နီယာဌာနက အသိပေးထားပါတယ်။
ရန်ကုန်မြို့အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေ သောက်သုံးရေ ရရှိနိုင်ဖို့ ရေအရင်းအမြစ်တွေနဲ့ ရေသန့်စင်စက်ရုံတွေကနေ သန့်စင်ထားတဲ့ရေတွေကို ရေတွန်းစက်ကြီးတွေနဲ့ ရေပို့ပိုက်လိုင်းတွေကတစ်ဆင့် ရေစုကန်တွေနဲ့ မြို့နယ်အလိုက် ရေဖြန့်ဖြူးရေးကွန်ရက်တွေကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။
အဲဒီရေဖြန့်ဖြူးရေးစနစ်မှာ ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်ပြီး နေအိမ်အတွင်းသို့ ရေဆက်သွယ်ရယူတာ၊ခွင့်ပြုထားတဲ့ ရေသွယ်ပိုက်မှ ဆင့်ပွားပိုက် ဆက်တပ်ဆင်တာ၊ လျှပ်စစ်မော်တာ (သို့မဟုတ်) လက်နှိပ်တုံကင် အသုံးပြုပြီး ရေပိုမိုရယူတာနဲ့ မူလတပ်ဆင်ထားတဲ့ ရေနှင့်သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းတွေရဲ့ အမျိုးအစား၊ အရွယ်အစားနှင့် အရေအတွက်တို့ကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲတာ၊ တိုးချဲ့တပ်ဆင်တာတွေကို တားမြစ်ထားပါတယ်။
အဲဒီလို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ၂၀၁၈ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၃၆၊ ပုဒ်မခွဲ (ဂ) အရ ကျပ် ၁ သိန်းကနေ ၅ သိန်းအထိ ငွေဒဏ်ချမှတ်ခံရမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
မြို့တော် News Channel