အရေးပေါ်
ဆောင်းပါး

ရဲဝင်းဦး လက်ထက် လေယာဉ် အဆမတန် သုံးနေပေမဲ့ တောင့်ခံထားတဲ့ အညာ

၂၀၂၆ သြဂုတ် ၃ Myo Taw
ရဲဝင်းဦး လက်ထက်  လေယာဉ် အဆမတန် သုံးနေပေမဲ့ တောင့်ခံထားတဲ့ အညာ

ရဲဝင်းဦး လက်ထက် လေယာဉ် အဆမတန် သုံးနေပေမဲ့ တောင့်ခံထားတဲ့ အညာ

အာဏာသိမ်းစစ်တပ်မှာ ခေါင်းဆောင်မှုအပြောင်းအလဲတွေ ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း မြေပြင်မှာ အရပ်သား ပြည်သူတွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတွေနဲ့ ရက်စက်တဲ့ နည်းဗျူဟာတွေဟာ အရင်ကထက် ပိုပြီး ပြင်းထန်စက်ဆုပ်ဖွယ် ကောင်းလာခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဧပြီလတုန်းက မင်းအောင်လှိုင်က အရပ်သားသမ္မတအဖြစ် ဟန်ပြကူးပြောင်းသွားခဲ့ပြီးတဲ့နောက် သူယုံကြည်ရတဲ့ လက်ရုံး ရဲဝင်းဦးဟာ စစ်တပ်ရဲ့ ခေါင်းဆောင်အဖြစ် ရောက်ရှိလာခဲ့ပါတယ်။

ဒီလို ခေါင်းဆောင်မှုအသစ် လက်အောက်မှာတင် စစ်ဆင်ရေး နည်းဗျူဟာတွေကို ခပ်စိပ်စိပ် ပြောင်းလဲလာတာကို တွေ့ရပါတယ်။ မြေပြင်မှာ စစ်ကောင်စီတပ်တွေဟာ အရင်ကလို ခွဲခြားမှုမရှိဘဲ ရမ်းသန်း အကြမ်းဖက်တာမျိုးတင် မဟုတ်တော့ဘဲ တိုက်ရိုက် ပစ်မှတ်ထားပြီး ဖမ်းဆီးတာ၊ မီးရှို့တာနဲ့ ပြန်ပေးဆွဲတာတွေကို ပိုမို ခပ်စိပ်စိပ် လုပ်ဆောင်လာကြပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အရပ်သားတွေကို တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်မှု အမြင့်ဆုံးအဆင့်ထိ ရောက်ခဲ့တာပါ။ “မြေပြင်မှာတော့ တိုက်ပွဲတွေက ပြင်းထန်တယ်။ စစ်တပ်က မြေပြင်အသာစီး မရတာတော့ တွေ့ရတယ်။ ဗုံးကြဲချတာတော့ အရပ်သားတွေ ရှိ၊ မရှိလည်း မရှောင်ပါဘူး။ အရင်လိုပါပဲ” လို့ မကွေးအခြေစိုက် စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက မြို့တော်ကို ပြောပါတယ်။

စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်မှုတွေမှာလည်း အရင်ကထက် ပိုမို သေစေနိုင်တဲ့ နည်းလမ်းသစ်တွေကို သုံးလာတာတွေ့ရပါတယ်။ ဂျက်တိုက်လေယာဉ် ၂ စင်းကနေ ငါးစင်းအထိ ပါဝင်တဲ့ အထူးအဖွဲ့တွေနဲ့ ပစ်မှတ်တစ်ခုတည်းကို အကြိမ် ၃၀ ကနေ ၄၀ ခန့် အဆက်မပြတ် ဗုံးကြဲတာမျိုးတွေ လုပ်ဆောင်နေတာပါ။ ဒါကြောင့် အရပ်သား သေဆုံးမှုနဲ့ အခြေခံအဆောက်အအုံ ပျက်စီးမှုကတော့ ပိုပြီး များပြားလာခဲ့တယ်ဆိုတာ လက်နက်ကိုင်ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ (ACLED) ရဲ့ ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် အရပ်သားတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့အတွက် မင်္ဂလာဆောင်တွေ၊ ဘာသာရေးပွဲတော်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ရန်ပြု လာခဲ့ကြပါတယ်။

၂၀၂၆ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာတင် စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ အထူးသဖြင့် စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး အပါအဝင် အညာဒေသတွေမှာ မြေလှန်စနစ်နဲ့ မီးရှို့ဖျက်ဆီး သတ်ဖြတ်မှုတွေကို အဆိုးရွားဆုံး ခံစားနေကြရတာပါ။ မကွေးဘက်မှာတော့ အာဏာသိမ်းစစ်တပ်ဟာ အရင်လို အင်အား ၁၀၀၊ ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးတဲ့ ပုံစံမျိုးမဟုတ်တော့ဘဲ ၄၀၀၊ ၅၀၀ ခန့် အင်အားပါ စစ်ကြောင်းတွေနဲ့ မြေပြင်ကို အသာစီးရဖို့ ကြိုးပမ်းလာပါတယ်။

“စစ်ကိုင်းနဲ့ ကချင်နယ်စပ်တွေမှာလည်း တိုက်ပွဲတွေက ပြင်းထန်တယ်။ မင်းအောင်လှိုင်အောက်ဆွဲ ရဲမင်းဦးလက်ထက်မှာ လေကြောင်းရန် ပိုမြင့်လာတာတော့မှန်ပါတယ်။ အသေအပျောက်လည်း အရမ်းလာတယ်။ မြေပြင်မှာ ရလဒ်တွေမကောင်းတော့ လေယာဉ်အားကိုးတဲ့ လူတွေပေါ့”လို့ နောက်ထပ် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက မြို့တော်ကို ပြောပါတယ်။

မြေပြင်မှာ ဒီလို ဖိနှိပ်နေရုံတင်မကဘဲ မြို့ပြဒေသတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတို့မှာတော့ တရုတ်နိုင်ငံက ရယူထားတဲ့ နည်းပညာတွေကို အသုံးပြုပြီး ဒစ်ဂျစ်တယ် အာဏာရှင်စနစ်ကို ထူထောင်နေပါတယ်။ AI နည်းပညာသုံး စောင့်ကြည့်ရေး ကင်မရာတွေနဲ့ လူပုဂ္ဂိုလ်စိစစ်ကြည့်ရှုရေးစနစ် (PSMS) ကို အသုံးပြုကာ မှတ်ပုံတင် အချက်အလက်၊ Biometric Data တွေနဲ့ ချိတ်ဆက်ပြီး တော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့သူတွေကို ခြေရာခံ ဖမ်းဆီးနေတာပါ။

၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် မေလအတွင်း အွန်လိုင်းပေါ် ရေးသားမှုတွေကြောင့်တင် လူပေါင်း ၂၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အများစုဟာ ခေါင်းဆောင်မှုအသစ် ပြောင်းလဲချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က လေကြောင်း အင်အားနဲ့ နည်းပညာသုံး စောင့်ကြည့်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်နေပေမဲ့လည်း မြေပြင်မှာတော့ တော်လှန်ရေး အင်အားစုတွေရဲ့ တင်းခံ ခုခံမှုနဲ့ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်တွေအရ လတ်တလော မကွေးတိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အာဏာသိမ်း စစ်တပ်ဘက်က အထိနာကာ ဆုတ်ခွာခဲ့ရတာတွေကို တွေ့ရပါတယ်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တုန်းက ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်ကနေ ဆောမြို့ကို ဦးတည်ထွက်ခွာလာတဲ့ တပ်မ (၉၉) ဦးစီး အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ခရိုင်စစ်ဌာနတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အထိနာပြီး လောင်းရှည်မြို့ကို ပြန်ဆုတ်သွားခဲ့ရပါတယ်။

အဲဒီဆုတ်ခွာသွားတဲ့ စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ ရန်သူ့ခဲယမ်းနဲ့ ရိက္ခာတင်ကား ၃ စီး အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများစွာကို သိမ်းဆည်းရရှိခဲ့ပါတယ်။

အဲဒီနောက် ဇူလိုင်လ ၂၅ ရက်နေ့မှာလည်း အဆိုပါ စစ်ကြောင်းဟာ အင်အား ၁၈၀ ဝန်းကျင်နဲ့ လေကြောင်းပစ်ကူ ရယူကာ ဒုတိယအကြိမ် ပြန်လည် ထိုးစစ်ဆင်လာခဲ့ပေမယ့် မကွေးတိုင်း စစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေရဲ့ အပြင်းအထန် ခုခံတိုက်ခိုက်မှုကြောင့် အထိနာပြီး ထပ်မံဆုတ်ခွာ သွားခဲ့ရပြန်ပါတယ်။

လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်သလို၊ ဒီစစ်ဆင်ရေးအတွင်း စစ်တပ်ဘက်က စစ်သုံ့ပန်း ၉ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲတွေအတွင်းမှာ PDF တွေက MA-1၊ MA-3၊ ရှော့ဂန်း၊ RPG ပြောင်းတွေ အပါအဝင် ကျည်ဆံ သောင်းနဲ့ချီ၊ မိုင်းမျိုးစုံ၊ ဒရုန်းဗုံးသီးတွေ၊ ဆန်းသစ်တဲ့ နည်းပညာသုံး Drone Jammer၊ Controller နဲ့ Starlink အင်တာနက် စက်ပစ္စည်းတွေအပြင် ရိက္ခာအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တာကို တွေ့ရပါတယ်။

မင်းအောင်လှိုင်နဲ့ ရဲဝင်းဦးတို့ရဲ့ ပုံစံသစ်နဲ့ ခေါင်းဆောင်မှုအောက်မှာ စစ်တပ်ဟာ နယ်မြေတွေ ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ပြင်းထန်တဲ့ လေကြောင်းအင်အား၊ တရုတ်နည်းပညာသုံး ဒစ်ဂျစ်တယ် စောင့်ကြည့်မှုနဲ့ မြေလှန်စနစ် နည်းဗျူဟာတွေကို ပေါင်းစပ်အသုံးပြုပြီး ပြည်သူတွေအပေါ် ပိုမို ရက်စက်စွာ ဖိနှိပ်နေပေမဲ့ မြေပြင်တိုက်ပွဲတွေမှာတော့ တော်လှန်ရေး အင်အားစုတွေရဲ့ တဟုန်ထိုး ခုခံမှုတွေကြောင့် အထိနာမှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တွေ့ဆုံခဲ့တယ်လို့ အာဏာသိမ်း အစိုးရ ထုတ်ပြန် ပြည်တွင်းသတင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တွေ့ဆုံခဲ့တယ်လို့ အာဏာသိမ်း အစိုးရ ထုတ်ပြန်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque က ဩဂုတ်…

ဖတ်ရန်
စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျ
VIDEO ပြည်တွင်းသတင်း

စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျ

စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃…

ကြည့်ရန်
အာဏာသိမ်း စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျ ပြည်တွင်းသတင်း

အာဏာသိမ်း စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင် ကျေးရွာအနီးမှာ အာဏာသိမ်း စစ်တပ်ရဲ့ တိုက်ခိုက်ရေး လေယာဉ်တစင်းဟာ ဩဂုတ်လ ၃ ရက် ဒီကနေ့ မနက် ၅ နာရီ…

ဖတ်ရန်