ညသန်းခေါင်အချိန် မြန်မာလုပ်သားအလောင်းကို မီးသင်္ဂြိုဟ်ပေးဖို့ ဘုန်းကြီးကျောင်းကို လာပို့တဲ့ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာလုပ်သားတချို့ အဖမ်းခံရ
စက်တင်ဘာ ၁၉
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်၊ နီခွမ်ပထနာမြို့နယ်က ဝပ်မက်ခါ ဘုန်းကြီးကျောင်းတိုက်ထဲကို ဓားထိုးခံရပြီး သေဆုံးနေတဲ့ မြန်မာလုပ်သားတစ်ဦးရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ဖို့ လာရောက်ပို့ဆောင်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာလုပ်သားတချို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၉ ရက် မနက် ၂ နာရီဝန်းကျင်ခန့်က တရုတ်နိုင်ငံသားတွေနဲ့ မြန်မာလုပ်သားတွေ အပါအဝင် ၅ ဦးခန့်ဟာ ဆလွန်းကား ၁ စီး၊ ပစ်ကပ်ကား၁ စီးနဲ့ ကျောင်းတိုက်ထဲ ရောက်လာပြီး ရုပ်အလောင်းကို အမြန်မီးသင်္ဂြိုဟ်ပေးဖို့ ကျောင်းထိုင်ဆရာတော်ကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မသင်္ကာစရာ အခြေအနေတွေ တွေ့ရှိရတာကြောင့် ဆရာတော်က အာဏာပိုင်တွေထံ ချက်ချင်း အကြောင်းကြားခဲ့ပြီး ရဲနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာချိန်မှာတော့ အလောင်းသယ်လာသူတွေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပေမဲ့ ကျောင်းဝင်းထဲမှာပဲ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဓားထိုးခံရပြီး သေဆုံးနေတဲ့ မြန်မာလုပ်သားရဲ့ ရုပ်အလောင်းကိုတော့ ပစ်ကပ်ကားပေါ်မှာ မိုးကာစနဲ့ အုပ်ထားတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ အသက် ၄၂ နှစ်အရွယ် တရုတ်နိုင်ငံသား မစ္စတာပေါင် (Mr. Bao) ကတော့ လုပ်သားတန်းလျားမှာ မြန်မာလုပ်သားအချင်းချင်း အရက်သောက်ရင်း ရန်ဖြစ်ရာကနေ ဓားထိုးမှုဖြစ်ခဲ့တာဖြစ်ပြီး၊ သေဆုံးသူကို ဆေးရုံပို့ဖို့ ကြိုးစားပေမဲ့ လမ်းမှာ သေဆုံးသွားတာကြောင့် ကျောင်းတိုက်ကို သယ်ဆောင်လာတာလို့ ထွက်ဆိုထားပါတယ်။
ဒါပေမဲ့ ညသန်းခေါင်ယံအချိန်မှာ ဘာကြောင့် အလောင်းကို အလျင်စလို မီးသင်္ဂြိုဟ်ဖို့ ကြိုးစားခဲ့သလဲဆိုတာနဲ့ သက်သေဖျောက်ဖို့ ရည်ရွယ်ခဲ့သလားဆိုတဲ့ မေးခွန်းတွေအပေါ်မှာတော့ အဆိုပါတရုတ်နိုင်ငံသားက ငြင်းဆိုထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားခဲ့တဲ့ အလုပ်သမားတန်းလျား တည်နေရာကို စုံစမ်းဖော်ထုတ်နေသလို၊ ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့ လမ်းကြောင်းတစ်လျှောက်က CCTV မှတ်တမ်းတွေကို စစ်ဆေးပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Ref & Photo; เรื่องเล่าเช้านี้
မြို့တော် News Channel