အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး
အောက်တိုဘာ ၂၈
အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒေသအများအပြားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်း အာနပ်ဗ်ဟာ အောက်တိုဘာ ၂၈ ရက်နေ့ အစောပိုင်းမှာ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ဆီကို လေပြင်းတွေ၊ မိုးသည်းထန်မှုတွေနဲ့အတူ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပြီး အိန္ဒိယမိုးလေဝသဌာနက တတိယအဆင့်ရှိ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သတ်မှတ်ထားပါတယ်။
မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်တွေနဲ့ သစ်ပင်တွေ ပြိုကျပျက်စီးခဲ့ရသလို၊ ဓာတ်လိုက်မှုတွေကြောင့် သေဆုံးသူ ၉ ဦးအထိ ရှိနိုင်တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြကြပေမဲ့ အစိုးရဘက်ကတော့ သေဆုံးသူ ၆ ဦး ရှိတယ်လို့သာ တရားဝင် အတည်ပြုထားပါတယ်။
ဒါ့အပြင် လျှပ်စစ်ဓာတ်တိုင်ပေါင်း ၁၅,၀၀၀ ကျော် ပျက်စီးခဲ့ရတာကြောင့် ဒေသတချို့မှာ မီးပြတ်တောက်နေဆဲဖြစ်ပြီး ပင်လယ်ပြင် လှိုင်းလေထန်နေတာကြောင့် သင်္ဘောသား ၂၀ ဦး လိုက်ပါလာတဲ့ မာရှယ်ကျွန်းစုအလံတင် ကုန်တင်သင်္ဘောတစင်းဟာလည်း အောက်တိုဘာ ၂၉ ရက်နေ့အထိ ကမ်းလွန်မှာ သောင်တင်နေရဆဲ ဖြစ်ပါတယ်။
အန်ဒရာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ်ကတော့ မုန်တိုင်းမဝင်ရောက်မီ ဒေသခံပြည်သူတွေကို ဘေးလွတ်ရာ ကြိုတင်ရွှေ့ပြောင်းပေးနိုင်ခဲ့တာကြောင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုကို အတော်အတန် လျှော့ချနိုင်ခဲ့တယ်လို့ အန်ဒရာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။
အဆိုပါမုန်တိုင်းကြောင့် အာဏာပိုင်တွေအနေနဲ့ အန်ဒရာပရာဒေ့ရှ်နဲ့ ဩဒိဿပြည်နယ်တွေက ဒေသခံပြည်သူ ၁၈၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ကြိုတင်ရွှေ့ပြောင်းပေးခဲ့ရသလို၊ စာသင်ကျောင်းတချို့ ပိတ်ထားရပြီး ရထားခရီးစဉ်တွေနဲ့ လေကြောင်းခရီးစဉ်တချို့ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
Ref & Photo: The Reuters
မြို့တော် News Channel