အိန္ဒိယပညာရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်၊ ပိုးဟပ်တွေ အောင်ပွဲခံ
ဇူလိုင် ၂၅
အိန္ဒိယနိုင်ငံမှာ ဆေးတက္ကသိုလ်ဝင်ခွင့် အပါအဝင် အစိုးရဝန်ထမ်း စာမေးပွဲ မေးခွန်းတွေ ပေါက်ကြားခဲ့မှုကြောင့် ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခံထားရတဲ့ ပညာရေးဝန်ကြီး ဓါမန်ဒရာ ပရာဒန် ဟာ ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ ရာထူးကနေ တရားဝင် နုတ်ထွက်သွားခဲ့တာကြောင့် ဆန္ဒပြလူငယ်တွေ ဝမ်းမြောက်ဝမ်းသာစွာ အောင်ပွဲခံခဲ့ကြတယ်လို့ သိရပါတယ်။
ပိုးဟပ် ဂျာနာတာပါတီ ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဒီဆန္ဒပြပွဲတွေဟာ မြို့တော်နယူးဒေလီအပါအဝင် တိုင်းပြည်တစ်ဝှမ်း အရှိန်အဟုန်မြှင့် ဖြစ်ပွားခဲ့ပြီး အတိုက်အခံ နိုင်ငံရေးသမားတွေပါ ပူးပေါင်းလာခဲ့တာကြောင့် ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
ပညာရေးဝန်ကြီး ပရာဒန်ကတော့ တိုင်းပြည်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အမျိုးသားရေး ဆန့်ကျင်သူတွေ အခွင့်ကောင်း မယူနိုင်စေဖို့နဲ့ လူငယ်ထုရဲ့ မျှော်လင့်ချက်တွေကို လေးစားတဲ့အနေနဲ့ ဝန်ကြီးချုပ်ထံ နှုတ်ထွက်စာ ပေးပို့လိုက်တာလို့ လူမှုကွန်ရက်ကတစ်ဆင့် ကြေညာထားပါတယ်။
ပရာဒန်ရဲ့ နုတ်ထွက်ကြောင်း ကြေညာချက်ထွက်ပေါ်လာချိန်မှာပဲ နယူးဒေလီမြို့မှာ ရဲတပ်ဖွဲ့က လူငယ်ဆန္ဒပြသူတွေကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ပါတယ်။ အဲဒီနောက် ဆန္ဒပြခေါင်းဆောင်တွေက အစိုးရဝန်ကြီးတွေနဲ့ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ နာရီပိုင်းအလိုမှာ ပညာရေးဝန်ကြီးက အခုလို ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
ပိုးဟပ် ဂျာနာတာပါတီ ဦးဆောင်သူ အဘီဂျစ် ဒစ်ကေကတော့ ပညာရေးဝန်ကြီးရဲ့ နှုတ်ထွက်မှုဟာ လူငယ်တွေရဲ့ အောင်မြင်မှုဖြစ်ကြောင်း ကြေညာကာ အောင်ပွဲခံခဲ့သလို အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဆိူနမ် ဝမ်ချွတ်ခ် ကလည်း ဒါဟာ “ငြိမ်းချမ်းမှု၊ စိတ်ရှည်သည်းခံမှုနဲ့ ဇွဲဝီရိယတို့ရဲ့ အောင်ပွဲ” ဖြစ်တယ်လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
အသက် ၅၇ နှစ်အရွယ် ပရာဒန်ဟာ ဝန်ကြီးချုပ် မိုဒီရဲ့ ဘရာတီယာ ဂျနတာပါတီ (Bharatiya Janata Party - BJP) ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့ကာ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သံမဏိ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးနဲ့ ပညာရေးဝန်ကြီးဌာနတွေမှာ တာဝန်ယူခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မှာ ပညာရေးဝန်ကြီး ဖြစ်လာခဲ့ကာ အခုလို ရာထူးကနေ နုတ်ထွက်လိုက်ရတာ ဖြစ်ပါတယ်။
Ref & Photo; Reuters
မြို့တော် News Channel