Gemini AI က စမ်းသပ်မှုဘောင်ကို ကျော်လွန်ပြီး ကုမ္ပဏီ ၃ ခုရဲ့ စနစ်တွေထဲ ဖောက်ထွင်းဝင်ရောက်ခဲ့
စက်တင်ဘာ ၁၉
Google ရဲ့ AI မော်ဒယ်ဖြစ်တဲ့ Gemini ဟာ ဆိုက်ဘာလုံခြုံရေး စွမ်းဆောင်ရည် စမ်းသပ်နေချိန်မှာ အင်တာနက်ကို အသုံးပြုပြီး ပြင်ပကုမ္ပဏီ ၃ ခုရဲ့ စနစ်တွေထဲ ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
ဒါဟာ Google ရဲ့ AI စနစ်တစ်ခုက လူသားရဲ့ တိုက်ရိုက်ထိန်းချုပ်မှုမပါဘဲ သီးခြားလွတ်လပ်စွာနဲ့ စနစ်ဘောင်ကျော်ပြီး ထိုးဖောက်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ မေလအတွင်းက ဆိုက်ဘာလုံခြုံရေး စစ်ဆေးအကဲဖြတ်မှု ကုမ္ပဏီတခုဖြစ်တဲ့ Irregular က စမ်းသပ်မှု ပြုလုပ်ချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Google ရဲ့ လုံခြုံရေးအင်ဂျင်နီယာဌာန ဒုတိယဥက္ကဋ္ဌ ဟဲသာ အက်ဒ်ကင်းစ် ရဲ့ အဆိုအရ Gemini ဟာ အွန်လိုင်းပေါ်က အများပြည်သူကြည့်ရှုနိုင်တဲ့ အချက်အလက်တွေကို ရှာဖွေပြီး ဝင်ရောက်ခွင့်အချက်အလက်တွေကို ခန့်မှန်းကာ စမ်းသပ်မှုနယ်ပယ်ထဲမှာ ပါဝင်တယ်လို့ ယူဆတဲ့ ဝက်ဘ်ဆိုက် ၃ ခုထဲ ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ထဲက တစ်ခုမှာ AI မော်ဒယ်ဟာ စကားဝှက်တွေကို အကြိမ်ကြိမ် ခန့်မှန်းပြီး လုံခြုံရေးစနစ် ကာကွယ်ထားတဲ့ ကွန်ရက်ထဲ ဝင်ရောက်ခဲ့သလို၊ အခြား ဖြစ်စဉ်နှစ်ခုမှာတော့ အများသုံး သတင်းအချက်အလက် စုစည်းမှုထဲကနေ အထောက်အထားတွေကို ရှာဖွေရယူကာ စနစ်တွေကို ထိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ Wall Street Journal က ဖော်ပြပါတယ်။
အလားတူ ဖြစ်ရပ်မျိုးတွေကို Meta, Anthropic နဲ့ OpenAI တို့ကလည်း ကြုံတွေ့ခဲ့ရဖူးတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို အသိပေးပြီး စနစ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အပြီးသတ် ဖြေရှင်းထားပြီးဖြစ်ပေမဲ့၊ လူသားအကူအညီမပါဘဲ ကိုယ်တိုင် လုပ်ဆောင်လာနိုင်တဲ့ AI စနစ်တွေအတွက် လိုအပ်တဲ့ လုံခြုံရေး အကာအကွယ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
Ref & Photo; Reuters
မြို့တော် News Channel