ဂျာမနီကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာစတန် ဘရိုအာကို NATO စစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ရွေးချယ်
စက်တင်ဘာ ၂၀
ဂျာမနီကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာစတန် ဘရိုအာ ကို NATO စစ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၉ ရက်နေ့မှာ ရွေးချယ်လိုက်ပါတယ်။
NATO အဖွဲ့ဝင် ၃၂ နိုင်ငံရဲ့ ကာကွယ်ရေးဦးစီးချုပ်တွေက ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း အခုလို ရွေးချယ်ခဲ့တာပါ။
အသက် ၆၁ နှစ်အရွယ် ဂျာမနီကာကွယ်ရေးဦးစီးချုပ်ဟာ NATO စစ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် လာမယ့် ၂၀၂၇ ခုနှစ် နွေရာသီမှာ တာဝန်စတင်ထမ်းဆောင်မှာဖြစ်ပြီး လက်ရှိဥက္ကဋ္ဌ အီတလီရေတပ်ဗိုလ်ချုပ်ကြီး ဂျူဆက်ပီ ကာဗို ဒရာဂိုနီရဲ့ နေရာကို ဆက်ခံမှာ ဖြစ်ပါတယ်။
NATO စစ်ရေးကော်မတီဟာ အဖွဲ့ရဲ့ အမြင့်ဆုံး စစ်ရေးအကြံပေးအဖွဲ့ ဖြစ်ပြီး ဥက္ကဋ္ဌက NATO အတွင်းရေးမှူးချုပ် မာ့ခ် ရုတ်တေးရဲ့ အဓိက စစ်ရေးအကြံပေးအဖြစ် တာဝန်ယူရပါတယ်။
ဘရိုအာအနေနဲ့ မဟာမိတ်အဖွဲ့အတွင်း အပြောင်းအလဲတွေ များပြားနေတဲ့ကာလမှာ ဒီတာဝန်ကို စတင်ထမ်းဆောင်ရမှာလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့မှုနဲ့ ထရမ့်ရဲ့ NATO အပေါ် အမေရိကန်ရဲ့ ကာကွယ်ရေးကတိကဝတ်တွေနဲ့ ပတ်သက်ပြီး သတိပေးပြောဆိုမှုတွေကြောင့် ဥရောပနိုင်ငံအများအပြားက ကာကွယ်ရေးအသုံးစရိတ်တွေကို တိုးမြှင့်လာပါတယ်။
ဂျာမနီကလည်း ၂၀၃၀ ပြည့်နှစ်မှာ စစ်ရေးအသုံးစရိတ်ကို ယူရို ၂၀၀ ဘီလီယံကျော်အထိ တိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။
ဘရိုအာဟာ ၁၉၈၄ ခုနှစ်ကတည်းက ဂျာမနီတပ်မတော်မှာ တာဝန်ထမ်းဆောင်လာသူဖြစ်ပြီး COVID-19 ကပ်ရောဂါကာလအတွင်း ဂျာမနီရဲ့ အကျပ်အတည်းစီမံခန့်ခွဲရေးကော်မတီကို ဦးဆောင်ခဲ့တာကြောင့် “ဝန်ကြီးချုပ်ရဲ့ ဗိုလ်ချုပ်” လို့လည်း လူသိများခဲ့ပါတယ်။
Ref & Photo; Reuters
မြို့တော် News Channel