ခရက်ဒစ်ကတ်ဒေတာတွေခိုးယူပြီး ဘတ်သန်း ၃၀ ခန့် လိမ်လည်ခဲ့တဲ့ တရုတ်နိုင်ငံသား အပါအဝင် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
ဇူလိုင် ၂၇
ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင်မြို့တွေမှာ လာရောက်ဝယ်ယူတဲ့ တရုတ်ခရီးသွား ၁,၂၀၀ ရဲ့ UnionPay ခရက်ဒစ်ကတ်ဒေတာတွေကို ခိုးယူပြီး ကတ်အတုတွေနဲ့ ဘတ်သန်း ၃၀ ခန့် လိမ်လည်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁ ဦးနဲ့ ထိုင်းနိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းနိုင်ငံရောက် တရုတ်ခရီးသွား ၁,၂၀၀ ကျော်ရဲ့ ခရက်ဒစ်ကတ် အချက်အလက်တွေ အခိုးခံရမှုနဲ့ ပတ်သက်လို့ တရုတ်သံရုံးက ဥပဒေကြောင်းအရ အရေးယူပေးဖို့ တိုင်ကြားခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူတွေဟာ ဘန်ကောက်နဲ့ ချင်းမိုင်က သစ်သီးခြောက်နဲ့ အမှတ်တရပစ္စည်းဆိုင် ၃ ဆိုင်မှာ UnionPay နဲ့ ငွေပေးချေမယ့် တရုတ်ခရီးသွားတွေကို ၃၂ ရာခိုင်နှုန်း လျှော့ဈေးပေးမယ်လို့ဆိုကာ ကတ်ဒေတာခိုးယူစက် တပ်ဆင်ထားတဲ့ ကီးဘုတ်တွေနဲ့ ငွေချေစက်တွေမှာ နှစ်ကြိမ် ရိုက်နှိပ်စေပြီး အချက်အလက်တွေ ခိုးယူခဲ့တာလို့ ဆိုပါတယ်။
ခိုးယူရရှိတဲ့ ကတ်ဒေတာနဲ့ PIN နံပါတ်တွေကို အမေရိကန်နိုင်ငံရှိ အဖွဲ့ဝင်တွေဆီ ပေးပို့ပြီး ကတ်အတုတွေ ပြုလုပ်ကာ တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ယူတာနဲ့ ငွေသားထုတ်ယူတာတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ဇူလိုင် ၂၂ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ဆိုင်တွေနဲ့ သံသယရှိသူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေရာ ကတ်ဒေတာခိုးယူတဲ့ စက်တပ်ထားတဲ့ ကွန်ပျူတာကီးဘုတ် ၁၁ ခု၊ EDC စက် ၃ ခု၊ ကွန်ပျူတာ ၅ လုံး၊ စောင့်ကြည့်ကင်မရာ ၁၈ လုံးနဲ့ အတူ ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလိမ်လည်မှုကြောင့် တရုတ်ခရီးသွားတွေရဲ့ ဆုံးရှုံးမှုတန်ဖိုးဟာ တရုတ်ယွမ် ၆ သန်းခန့် (ထိုင်းဘတ်ငွေ ဘတ်သန်း ၃၀) ခန့် ရှိပြီး လိမ်လည်မှုကျူးလွန်ခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် တရုတ်နိုင်ငံသား ကျောင်းဂျီဆိုသူနဲ့ ထိုင်းနိုင်ငံသား ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
တရားခံဖြစ်တဲ့ တရုတ်နိုင်ငံသား ကျောင်းဂျီ ကတော့ ကတ်ဒေတာခိုးယူစက် ပါရှိတဲ့ ကွန်ပျူတာကီးဘုတ်တွေကို တရုတ်နိုင်ငံကနေ ဝယ်ယူခဲ့ပြီး ရရှိလာတဲ့ ငွေကြေးတွေကို အဖွဲ့ဝင်တွေကြား ခွဲဝေယူခဲ့ကြတယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်။
Ref; Bangkok Post
Photo; ECD
မြို့တော် News Channel