မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး တင်းမာနေတဲ့ မူဝါဒကို တောင်ကိုရီးယား စွန့်လွှတ်
ဇူလိုင် ၂၄
တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေ အပြည့်အဝဖျက်သိမ်းပြီးမှသာ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့ ယခင်မူဝါဒကို စွန့်လွှတ်ပြီး “ငြိမ်းချမ်းရေးကို ဦးစားပေး”တဲ့ မူဝါဒသစ်ကို ပြောင်းလဲကျင့်သုံးသွားမယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ဂျောင်ဒုံယောင်းက ဇူလိုင် ၂၃ ရက်မှာ ပြောဆိုလိုက်ပါတယ်။
နျူကလီးယားဖျက်သိမ်းရေးကို ဆွေးနွေးပွဲစတင်ဖို့ ကြိုတင်သတ်မှတ်ချက်အဖြစ် ထားရှိခဲ့တာကြောင့် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြား ဆွေးနွေးမှုတွေ ၇ နှစ်ကြာ ရပ်တန့်နေခဲ့တယ်လို့ ဝန်ကြီးက ဆိုပါတယ်။
မူဝါဒသစ်အရ အစောပိုင်းဆွေးနွေးမှုတွေမှာ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားဖွံ့ဖြိုးရေးကို ယာယီရပ်တန့်ထားဖို့ကိုသာ ဦးစားပေး တောင်းဆိုသွားမှာဖြစ်ပြီး ရေရှည်ရည်မှန်းချက်ကတော့ နျူကလီးယားကင်းစင်တဲ့ ကိုရီးယားကျွန်းဆွယ် ဖြစ်လာရေးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ခန့်မှန်းချက်တချို့အရ မြောက်ကိုရီးယားမှာ နျူကလီးယားထိပ်ဖူး ၆၀ ခန့်ရှိပြီး နောက်ထပ် နျူကလီးယားလက်နက် ၉၀ ခန့် ထုတ်လုပ်နိုင်တဲ့ နျူကလီးယားပစ္စည်းတွေ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။
ဒီလိုမူဝါဒပြောင်းလဲမှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တိုက်ရိုက်ဆွေးနွေးထားပြီး ဖြစ်တယ်လို့ ဂျောင်ဒုံယောင်းက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယားအစိုးရက မြောက်ကိုရီးယားကနေ ထွက်ပြေးလာပြီး တောင်ကိုရီးယားမှာ အခြေချနေထိုင်သူတွေကို ခေါ်ဝေါ်သုံးစွဲတဲ့ အသုံးအနှုန်းကိုလည်း ပြောင်းလဲဖို့ စီစဉ်နေပြီး “မြောက်ကိုရီးယားက ထွက်ပြေးလာသူ”လို့ အဓိပ္ပာယ်ရတဲ့ “တာလ်ဘုခ်မင်” အစား “မြောက်ပိုင်းဒေသမှာ ဇာတိရှိသူများ”လို့ အဓိပ္ပာယ်ရတဲ့ “ဘုခ်ဟျန်းမင်”ဆိုတဲ့ အသုံးအနှုန်းကို သုံးဖို့ တိုက်တွန်းထားပါတယ်။
Ref & Photo; The Independent
မြို့တော် News Channel