မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းနှင့် ကမ်းရိုးတန်းဒေသတွေမှာ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အတွင်း မိုးပိုမိုကောင်းလာနိုင်တယ်လို့ဆို
ဇူလိုင် ၂၃
ICON မော်ဒယ်ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း/ကမ်းလွန်မှာ သမုဒ္ဒရာလေစီးပတ်လမ်းကြောင်း စတင်ဖွဲ့စည်းနေပြီး ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ပိုမိုအားကောင်းလာမယ်လို့ ဆိုပါတယ်။
ECMWF နှင့် GFS မော်ဒယ် တို့ရဲ့ ခန့်မှန်းချက်မှာ လေဝဲဖြစ်ပေါ်မှုထက် မုတ်သုံလေအားကောင်းမှုကို ပိုမိုတွေ့နေရပြီး လေဝဲဖြစ်ပေါ်တဲ့အခြေအနေ ထင်ရှားစွာဖေါ်ပြခြင်း မရှိသေးပါဘူး။ အနောက်တောင် မုတ်သုံလေဟာ ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် မြန်မာနိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်း ဒေသတွေဆီ အားကောင်းစွာ ဝင်ရောက်လျက်ရှိတယ်လို့ ဆိုပါတယ်။
မော်ဒယ်တွေရဲ့ ခန့်မှန်းချက်အရ ဇူလိုင်လ ၂၅ ရက် မှ ၂၆ ရက်အတွင်း ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဆင့်မှ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဆင့်အထိ ဖြစ်လာနိုင်ပေမယ့် မုန်တိုင်းအဆင့်အထိ ရောက်လာနိုင်မယ့် အခြေအနေ နည်းပါးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အနောက်တောင် မုတ်သုံလေအား ပိုကောင်းလာပြီး ရေခိုးရေငွေ့နှင့် မိုးတိမ်တွေကို ကုန်းတွင်းပိုင်းသို့ ပိုမိုတွန်းပို့နိုင်တာကြောင့် ပင်လယ်ကမ်းရိုးတန်းနှင့်ဝေးတဲ့ ကုန်းတွင်းပိုင်းဒေသတွေမှာ ဇူလိုင်လ ၂၅ ရက် ၂၆ ရက်အတွင်း မိုးအားကောင်းပိုလာနိုင်တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၅ မှ ၂၇ ရက် (၄၈ နာရီအတွင်း) မိုးရေချိန် ခန့်မှန်းချက်တွေအနေနဲ့ ရခိုင်ပြည်နယ်မှာ မျှော်မှန်း မိုးရေချိန် ၁၀၀ မှ ၂၅၀ မီလီမီတာ ရရှိနိုင်ပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ မျှော်မှန်း မိုးရေချိန် ၇၅ မှ ၁၁၀ မီလီမီတာ ရရှိနိုင်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့မှာ မျှော်မှန်း မိုးရေချိန် ၅၀ မှ ၁၁၀ မီလီမီတာ ရရှိနိုင်ပြီး မိုးအသင့်အတင့်မှ မိုးများနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း (အထက်ပိုင်း/အောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ မျှော်မှန်း မိုးရေချိန် ၅၀ မှ ၁၂၅ မီလီမီတာရရှိနိုင်ပြီး နေရာကွက်ကျား မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်တို့မှာ မျှော်မှန်းမိုးရေချိန် ၂၅ မှ ၅၀ မီလီမီတာ ရရှိနိုင်ပြီး နေရာကွက်ကျား မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် (တောင်ပိုင်း/မြောက်ပိုင်း/အရှေ့ပိုင်း)၊ ကရင်နီပြည်နယ်တို့မှာ မျှော်မှန်းမိုးရေချိန် ၂၅ မှ ၇၅ မီလီမီတာ ရရှိနိုင်ပြီး နေရာကွက်ကျဲကျဲ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
မြို့တော် News Channel