စာမေးပွဲစည်းမျဉ်း ပြောင်းလဲမှု အငြင်းပွားဖွယ်ဖြစ်ပြီးနောက် တောင်ကိုရီးယား ပညာရေးဝန်ကြီး နုတ်ထွက်
နိုင်ဝင်ဘာ ၂၃
တောင်ကိုရီးယားနိုင်ငံမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွင်း AI နည်းပညာသုံးပြီး စာမေးပွဲခိုးချတာတွေကို တားဆီးဖို့အတွက် စည်းကမ်းချက် အပြောင်းအလဲတွေ လုပ်ခဲ့ရာကနေ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ပညာရေးဝန်ကြီးက နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (CSAT) ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး အောက်တိုဘာလကစလို့ တက္ကသိုလ်စာမေးပွဲတွေနဲ့ အခြားနေရာတွေမှာ AI အသုံးပြုနိုင်တဲ့ မျက်မှန်တွေ ဝတ်ဆင်ပြီး စာမေးပွဲဖြေဆိုတာ အပါအဝင် မသမာမှုဖြစ်ရပ်တွေကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေအပေါ် တောင်ကိုရီးယားအစိုးရက စာမေးပွဲခန်းတွေထဲကို အီလက်ထရွန်နစ်ပစ္စည်းအားလုံး ယူဆောင်ခွင့် ပိတ်ပင်တာနဲ့ အထူးစာမေးပွဲခန်းစောင့်တွေ ခန့်အပ်တာလိုမျိုး တင်းကျပ်တဲ့ အစီအမံတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီစည်းကမ်းချက်တွေကို စာမေးပွဲမတိုင်ခင်လေးမှ တခုပြီးတခု အလျင်အမြန် ထုတ်ပြန်ခဲ့တာကြောင့် စာမေးပွဲဖြေဆိုသူတွေနဲ့ စာသင်ကျောင်းတွေကြားမှာ အခက်အခဲတွေနဲ့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ပညာရေးဝန်ကြီး ချွိုင်ဂျိုဂျင် က ရာထူးကနေ နုတ်ထွက်ဖို့ ကမ်းလှမ်းခဲ့တာပါ။ စာမေးပွဲမတိုင်ခင် ကပ်ပြီး လုပ်ဆောင်ခဲ့တဲ့ အပြောင်းအလဲ အမျိုးမျိုးကြောင့် စာမေးပွဲဖြေဆိုသူတွေ အပါအဝင် အများပြည်သူ အခက်တွေ့ခဲ့ရတယ်လို့ ချွိုင်က ဆိုပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေကို သူ့အနေနဲ့ ရှောင်လွှဲလို့ မရနိုင်ဘူးလို့ ယုံကြည်ကြောင်းလည်း ပြောဆိုထားပါတယ်။
တောင်ကိုရီးယား သမ္မတရုံးရဲ့ အဆိုအရ သမ္မတ လီဂျေးမြောင် က ဝန်ကြီး ချွိုင် ရဲ့ နုတ်ထွက်စာကို လက်ခံလိုက်ပြီဖြစ်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာမှန်သမျှကို ဖြေရှင်းဖို့ တာဝန်ရှိသူတွေကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ယွန်ဟပ်သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ အခုလို ဝန်ကြီး ချွိုင် နုတ်ထွက်လိုက်ရတာဟာ တကယ်တမ်းမှာတော့ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာနဲ့ အတူတူပဲလို့ တချို့က ရှုမြင်နေကြပါတယ်။
Ref & Photo: NHK
မြို့တော် News Channel