စာမေးပွဲ မအောင်လို့ဆိုကာ ကျောင်းသား/ကျောင်းသူ ၁၀ ဦး ထက်မနည်း အပြင်းအထန် ရိုက်နှက်ခံရ
နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ကညင်ဆိုင်ကျေးရွာမှာ စာမေးပွဲမအောင်မြင်လို့ ဆိုကာ Grade-10 ကျောင်းသား/ကျောင်းသူ ၁၀ ဦးထက် မနည်းကို အပြင်းအထန် ရိုက်နှက်ဆုံးမမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလပိတ်ရက်က ဖြေဆိုတဲ့စာမေးပွဲကို ကညင်ဆိုင်ကျေးရွာကျောင်းမှ Grade-10 ကျောင်းသား/ကျောင်းသူတွေ စာမေးပွဲမအောင်မြင်တာကြောင့် ဆရာဇင်ကို ဆိုသူက ကျောင်းသား/ကျောင်းသူတွေ အိပ်ယာကမထနိုင် လမ်းမလျှောက်နိုင်တဲ့အထိ အပြင်းအထန် ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
"လက်ကို အရိုက်ခံရတဲ့ ကလေးဆို ဒဏ်ရာပြင်းထန် ရတယ်၊ ထမင်းတောင် မစားနိုင်ဘူး၊ ခြေထောက် အရိုက်ခံရတဲ့သူဆိုရင် လမ်းတောင်မလျှောက်နိုင်ဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
ကျောင်းဆရာ ဇင်ကိုဆိုသူဟာ ကျွဲဂိမ်းဆော့ပြီး အိမ်ရော၊ မြေရော၊ ဆိုင်ကယ်ပါ ကုန်သွားတဲ့သူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပြီး လက်ရှိရိုက်နှက်ခံရတဲ့ ကလေးငယ်တွေအတွက် ကျောင်းအုပ်ကြီး ဒေါ်တင်မိုးလှိုင်ကလည်း အရေးယူဆောင်ရွက်တာ မရှိတာကြောင့် ကျောင်းသားမိဘတွေက မိမိတို့ကလေးငယ်တွေအတွက် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel