လိုင်းကြေးပေးပြီး နှစ်ရှည်လုပ်ကိုင်နေတဲ့ ဂျင်ဝိုင်းတွေကို ဝင်ရောက်ဖမ်းဆီးလို့ ကား၊ ဆိုင်ကယ်နဲ့ အိုးဝေတွေပါ သိမ်းဆည်းခံရ
အောက်တိုဘာ ၆
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာမှာ လိုင်းကြေးပေးပြီး နှစ်ရှည်လုပ်ကိုင်နေတဲ့ ဂျင်ဝိုင်းတွေကို အာဏာသိမ်းအစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၅ ရက် မနေ့က နေ့လယ် ၂ နာရီခွဲခန့်မှာ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာက ဦးအာထစ် (ခ) ဦးကုလားနဲ့ ဒေါ်ဌေးမာတို့ရဲ့ ခြံဝန်းထဲမှာ လောင်းကစားဝိုင်းပြုလုပ်နေချိန် ဝင်ဖမ်းခံရတာလို့သိရပြီး အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
"ဒီဝိုင်းတွေက အာဏာသိမ်းပြီးချိန် ၂၀၂၁ နှစ်ကုန် ၂၀၂၂ လောက်ကတည်းက အလှည့်ကျ လုပ်နေတာပါ၊ မြို့နယ်ကလည်း ၇ ရက် တပတ်ကို လိုင်းကြေး သိန်း ၆၀ ကျော် ရတယ်၊ အိမ်ငှားကလည်း တပတ် ၂ သိန်းလောက်ရတယ်၊ စစ်မှုထမ်းကြေး အတွက်လည်း အထောက်အကူ ဖြစ်တယ်ဆိုပြီး မြို့နယ်ထွေအုပ်ကော ရဲကော ခွင့်ပြုထားတာ ကြာပြီ၊ပေးထားတဲ့ လိုင်းကြေးတွေကျ စားပြီး ခုမှ ဟန်ပြဝင်ဖမ်းတာ" လို့ လောင်းကစား ဝါသနာပါသူ အမျိုးသားတဦးက ပြောပါတယ်။
အာဏာသိမ်းအစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့က တိုင်ကြားမှုကြောင့်သာ ဝင်ဖမ်းတာလို့ ပြောဆိုထားပြီး ဂျင်ဝိုင်းတွေလုပ်နေတာ ၅ နှစ်ကျော်ပြီလို့ သိရကာ ပွဲလမ်းသဘင်လိုမျိုး လုပ်ကိုင်ခွင့်ပြုထားတာလည်း ကြာပြီဖြစ်လို့ ဒေသခံတွေကြား မထူးဆန်းတော့ဘူးလို့လည်း ဆိုပါတယ်။
"ဘယ်သူမှ မတိုင်ဘူး၊ သူတို့ဘာသာ အထက်အောက် ဝေစုမတည့်တာ ဖြစ်မယ်၊ မြို့နယ်က လူတွေကော တခြားနယ်စုံကပါ လာကစားကြတာ၊ အဲ့ဝန်းကျင်မှာ ကွမ်းယာသည်၊ မု့န်သည်၊ အပေါင်ခံသူနဲ့ အစုံရှိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
ဝင်ရောက်ဖမ်းဆီးခံရချိန် ဂျင်ဝိုင်းလောင်းကစား ပြုလုပ်နေသူတချို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဒိုင်လုပ်သူနဲ့ ငွေကိုင်တချို့သာ ကျန်ခဲ့ပြီး ၁၁ ဦး ဖမ်းဆီးခံခဲ့ရကာ လောင်းကြေးငွေ ကျပ် ၂၁၁ သိန်းကျော်နဲ့ မော်တော်ဆိုင်ကယ် ၃၀ စီး၊ အိမ်စီးကား ၇ စီးနဲ့ အိုးဝေ ၂ စီးတို့ သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။
လတ်တလောမှာ ဖမ်းဆီးခံရသူတွေကို သာယာဝတီ မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အာမခံရရှိဖို့ ဖမ်းခဲ့တဲ့ရဲကပဲ တဦးကို သိန်း ၆၀ နဲ့ စျေးညှိပေးနေတယ်လို့ သိရကာ သိမ်းဆည်းခံရတဲ့ ဆိုင်ကယ်၊ ကားနဲ့ အိုးဝေတွေရဲ့ ပိုင်ရှင်တွေကိုလည်း လာအဖမ်းခံဖို့နဲ့ လာအဖမ်းမခံပါက ပစ္စည်းတွေကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမယ်လို့လည်း ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel