၁၀ ရက်ကြာ ပိတ်ခံထားရတဲ့ မြိတ်-ထားဝယ် ရေကြောင်းလမ်း ပြန်ဖွင့်
နိုဝင်ဘာ ၂၁
တနင်္လာရီတိုင်း၊ ထားဝယ်မြစ်ထဲမှာ Speedboat ယာဥ်ပေါ်လိုက်ပါလာတဲ့ ရဲတပ်သား ၂ ဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားပြီးနောက် ရပ်နားထားလိုက်ရတဲ့ Speedboat ယာဥ်လိုင်း ပြန်လည်ပြေးဆွဲခွင့် ရပြီလို့သိရပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့ မနက် ၇ နာရီခန့်က မြိတ်မြို့ကနေ ထားဝယ်မြို့ကို ထွက်ခွာသွားတဲ့ Speedboatယာဥ်တစီးကို ထားဝယ်မြစ်ထဲမှာ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ပြီးနောက် လှေပေါ်ပါတဲ့ ခရီးသည်တွေထဲက အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားကာ စက်လှေပေါ် ပါသူတွေကို ဆက်လက်ခရီးဆက်စေခဲ့တယ်လို့ သိရပါတယ်။
"လှေပေါ်ပါလာတဲ့ သူတွေရဲ့ ဖုန်းတွေနဲ့ မှတ်ပုံတင်တွေစစ်ပြီး အမျိုးသား၂ ယောက်ကို ဖမ်းသွားတယ်၊ ရဲတွေဆိုတာ သတင်းအတိအကျ ရထားလို့ လာဖမ်းတာပြောတယ်၊ အဲနေ့ကထွက်တာ ၃ စီး တစီးကို ရဲ ၂ ယောက်ပါသွားတာ၊ ကျန်တဲ့ ၂ စီးက လွတ်သွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
ရဲတွေဖမ်းဆီးခံလိုက်ရပြီးနောက် ၁၀ ရက်အကြာအထိ ယာဥ်လိုင်းပြေးဆွဲခွင့် ရပ်နားခံခဲ့ရပြီး နိုဝင်ဘာလ ၂၀ ရက်နေ့မှာ မြိတ်-ထားဝယ် ခရီးစဥ်ကို ပြန်လည်ပြေးဆွဲခွင့် ရတယ်လို့ သိရပါတယ်။
"မြို့နယ်က မထွက်ခိုင်းတာ၊ ခုပြန်ထွက်ခွင့်ပေးတယ် ပြောတယ်၊ တချို့ကလည်း မသွားရဲကြဘူး ဖြစ်နေတယ်၊ လူတော့ နည်းနေသေးတယ်" လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။
ရဲတပ်သား ၂ ဦး ဖမ်းဆီးခံရပြီးနောက် ယာဥ်လိုင်းဂိတ်နဲ့ လက်မှတ်အရောင်းဌာနတွေကို ရဲတွေက ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ယာဥ်လိုင်းကို ၁၀ ရက်တာ ပိတ်ခဲ့တာလို့ သိရပါတယ်။
မြိတ်-ထားဝယ်က ဒေသခံတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲတွေနဲ့ ကားလမ်းပိတ်ခံထားရတာကြောင့် ကုန်းလမ်းထက် ရေလမ်းကိုသာ အသုံးပြုနေကြရတယ်လို့ သိရပါတယ်။
မြို့တော် News Channel