အာကာသ မသွားခင် ရေနုတ်မြောင်း အရင်ရှင်းပါလို့ ရေဘေးသင့် ပြည်သူတွေ မင်းအောင်လှိုင်ကို ပြောဆို
ဇူလိုင် ၃၀
အာကာသထဲကို မြန်မာက ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ဖို့အထိ လုပ်ဆောင်နေတယ်လို့ အာဏသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောနေချိန် မိုးကြီးလို့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကတော့ ရေဘေးကိစ္စကို အရင်ရှင်းပေးသင့်တယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။
သူ့ကိုယ်သူ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားတဲ့ အာဏာသိမ်းခေါင်ဆောင်ဟာ အခြေခံလူတန်းစား ဘဝတွေနဲ့ ဝေးနေပြီး အာဏာသထဲကို ပထမဆုံး မြန်မာ့ အာကာသယာဉ်မှူးတွေ ရွေးချယ်သွားမယ့် ကိစ္စအပေါ် စိတ်အားထက်သန်နေပါတယ်။
“အခြေခံပြည်သူတွေရဲ့ လူနေမှုဘဝတွေ ဘယ်လောက်အထိ ဆိုးရွားနေလဲဆိုတာ တကယ် မသိတာလား၊ စစ်ခေါင်းဆောင်ပီပီ သူ့လုပ်ချင်ရာကို လုပ်နေရင် ကျေနပ်နေတာလား ဆိုတာတော့ မသိတော့ဘူး။ အာဏာသိမ်းကာလမှာ သိမ်းဆည်းစုဆောင်းမိတဲ့ ဥစ္စာတွေတောင် ကုန်သွားသလို၊ တန်ဖိုးတွေလည်း မရှိတော့ပါဘူး။ ကလေးတစ်ယောက်မွေးတာနဲ့ ယှဉ်ရင်တောင် ခုဆို ကျောင်းတက်နေတဲ့ အရွယ်ရောက်နေပြီ။ သူဒီကာလမှာ ဘာတွေလုပ်ပေးခဲ့လဲဆိုတာ မသိတော့ဘူး။ ပြည်သူတွေက အလှမ်းဝေးနေတာလား သူကပဲ အလှမ်းဝေးနေတာလား မသိတော့ဘူး”လို့ ရွှေပြည်သာ မြို့နယ်က ရေဘေးသင့်ပြည်သူတစ်ဦးက မြို့တော်ကို ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ရေနုတ်မြောင်းတွေ ပိတ်ဆို့နေလို့ အင်းစိန်၊ ရွှေပြည်သာနဲ့ မြောက်ဥက္ကလာပမြို့နယ်အပါအဝင် အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဘေးသင့်နေပါတယ်။
“နှစ်တိုင်းတော့ တက်ပေမဲ့ အခုနှစ်လောက်တော့ မဆိုးဘူး။ ဒီနှစ်တော့ တော်တော်ဆိုးတယ်။ ယိုးဒယားစျေးဘက်ခြမ်းတွေကတော့ ရေကြီးနေတယ်။ ဆိုတော့ ကျွန်မတို့ကတော့ အာကာသထက် အာကာမြင့်အောင်ပဲ သိတယ်။ မင်းအောင်လှိုင် အာကာသ သွားဖို့ မလုပ်ခင် ရေနုတ်မြောင်းတွေ ရှင်းဖို့နဲ့ ရေဘေးသင့်ပြည်သူတွေကို စောင့်ရှောက်ပါဦးလို့ပဲ ပြောချင်တယ်”လို့ အင်းစိန်မြို့နယ်က ရေဘေးသင့် ပြည်သူတစ်ဦးက မြို့တော်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်က ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီမှာ ပြုလုပ်ခဲ့တဲ့ အာဏာသိမ်း အစိုးရရဲ့ ရက် ၁၀၀ စီမံချက်အတွင်း ပြီးစီးခဲ့တဲ့ နည်းပညာလုပ်ငန်းတွေ အပ်နှံခြင်းနဲ့ လက်တွေ့သရုပ်ပြပွဲကို မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အာကာသယာဉ်မှူးတွေကို ရွေးချယ်သွားမယ်လို့ မင်းအောင်လှိုင်က ပြောပေမဲ့ နောက်ဆုံးရွေးချယ်မယ့် လူဦးရေ၊ စီမံကိန်း ဘတ်ဂျက်နဲ့ အကောင်အထည်ဖော်မယ့် အချိန်ဇယားကိုတော့ ပြောမသွားပါဘူး။ မြန်မာအာကာသ အေဂျင်စီဟာ ၂၀၂၅ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပုံ - အင်းစိန်၊ ယိုးဒယားစျေး ရေကြီးနေပုံ။
မြို့တော် News Channel